နေမိုး
၃. ၈. ၂၀၂၆
ခန္တီးမြို့နယ်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည်မှာ မှန်ကန်သည်ဟု နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သော ENNO/ENDA အဖွဲ့က ဝန်ခံထားသည်။
နာဂလက်နက်ကိုင် Eastern Naga National Organization / Eastern Naga Defense Army (ENNA/ENDA) ၏ ဝန်ခံချက်တွင် အရှေ့နာဂဒေသရှိ နာဂလူငယ်များအပြင် မြန်မာနိုင်ငံ မည်သည့်နေရာတွင်မဆို နေထိုင်ကြသော နာဂတိုင်းရင်းသားများသည်အရှေ့နာဂ လွတ်မြောက်ရေးတွင် အင်တိုက်အားတိုက်ပါဝင်စေလိုသောကြောင့် ယခုကဲ့သို့ လူငယ်များအား စုဆောင်းခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အတွက် ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အတွင်း ခန္တီးမြို့နယ်များ၌ လူငယ်များအား ENNO/ENDA အဖွဲ့အစည်းမှ ပေါ်တာဆွဲ စုဆောင်းခြင်းဖြစ်ကြောင်း Media များ၊ အရှေ့နာဂပြည်သူများ၊ အရှေ့နာဂဒေသ၌ နေထိုင်ကြသော အခြားတိုင်းရင်းသား မိဘပြည်သူများအား အသိပေးဖော်ပြသည်ဟုလည်း ဝန်ခံထားသည်။
ဒေသတွင်းသတင်းများအရ ENNO/ENDA အဖွဲ့အစည်းမှ ပေါ်တာဆွဲခံရသူများတွင် ရှမ်းနီလူငယ် ၂၀ ကျော်အပါအဝင် လူငယ် ၁၀၀ ခန့် ပေါ်တာဆွဲခံရကြောင်း ဖော်ပြထားသလို လွှတ်သင့်လွှတ်ထိုက်သူများကို စိစစ်ပြန်လွှတ်မည်ဟုလည်း ENNO/ENDA ၏ ဝန်ခံချက်က ဆိုသည်။
