သက်တံ့
၃. ၈. ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့တွေ့ဆုံခဲ့ကြောင်း ICRC (အပြည်ပြည်ရာကြက်ခြေနီကော်မတီ) က ယခု အတည်ပြုခဲ့သလို သွားရောက်တွေ့ဆုံမှုအတွင်း တွေ့ရှိခဲ့သည့် လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို အကျဉ်းထောင်တာဝန်ရှိသူများနှင့်သာ အတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းထားရှိပြီး မျှဝေသွားမည်ဟုပါ ပြောကြားသည်။

ICRC ၏ ထုတ်ပြန်ချက်တွင် “အပြည်ပြည်ရာကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ)က ကိုယ်စားလှယ်တစ်ဦးသည် ၂၀၂၆ခုနှစ် ဩဂုတ်လ ၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ဤတွေ့ဆုံမှုကို လွတ်လပ်ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံ လည်ပတ်ခြင်းဆိုင်ရာ အိုင်စီအာရ်စီ၏ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။ ဤတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံ စကားပြောဆိုနိုင်ခွင့်လည်း ပါဝင်ပါသည်။ အိုင်စီအာရ်စီ၏ လုပ်ငန်းဆောင်ရွက်ပုံနည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အကျဉ်းထောင်သို့ သွားရောက်လည်ပတ်မှုများတွင် မိသားစုများနှင့် မိသားစု သတင်းစကားများပေးပို့ဖလှယ်နိုင်မည့် အခွင့်အလမ်းလည်းပါဝင်ပါသည်။ အိုင်စီအာရ်စီ၏ အကျဉ်းထောင်ဆိုင်ရာလုပ်ငန်း၏ ဓလေ့ထုံးစံနှင့်အညီ၊ သွားရောက်လည်ပတ်မှုအတွင်း တွေ့ရှိခဲ့သည့် လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို အကျဉ်းထောင်တာဝန်ရှိသူများနှင့်သာ အတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းထားရှိပြီး မျှဝေသွားမည်ဖြစ်ပါသည်။ အိုင်စီအာရ်စီသည် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များသို့ သွားရောက်နိုင်ခွင့် ကို ထိန်းသိမ်းထားရန်နှင့် ပိုမိုကျယ်ပြန့်စွာ သွားရောက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်လက်ထိတွေ့ဆက်သွယ် ဆောင်ရွက်လျက်ရှိပါသည်။”ဟု ဖော်ပြပါရှိသည်။
နိုင်ငံတော်သမ္မတရုံးက ယနေ့ထုတ်ပြန်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Arnaud de Baecque တို့ တွေ့ဆုံသည့် ပုံရိပ်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် Arnaud de Baecque ဟု ယူဆရသူနှင့် လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရသည်။ အခြားဓာတ်ပုံတစ်ပုံတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိတ်လှီးနေသည်ကို တွေ့ရပြီး၊ နောက်ထပ်ဓာတ်ပုံတစ်ပုံတွင် “Happy Birthday Aunty Suu” (အန်တီစု မွေးနေ့မှာ ပျော်ရွှင်ပါစေ) ဟု ရေးသားထားသည့် ကိတ်မုန့်ကို တွေ့ရသည်။
