သက်တံ့
၃. ၈. ၂၀၂၆
နိုင်ငံတော်သမ္မတရုံးက ယနေ့ထုတ်ပြန်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Arnaud de Baecque တို့ လက်ဆွဲနှုတ်ဆက်နေသည့် ယနေ့ပုံရိပ်များမှာ AI ဖြင့် ဖန်တီးထားခြင်းမဟုတ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ပြင်သစ်နိုင်ငံအခြေစိုက် AFP သတင်းဌာနက ‘She is alive’: Myanmar’s Suu Kyi meets Red Cross official in first post-coup visit သတင်းဆောင်းပါးဖြင့် အတည်ပြု သတင်းထုတ်ပြန်သည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Arnaud de Baecque သည် တနင်္လာနေ့ (ဩဂုတ် ၃ ရက်) နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး၏ ထုတ်ပြန်ချက်တွင် ပုံနှင့်တကွ ဖော်ပြထားသည်။

သမ္မတရုံးက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ဒေါ်အောင်ဆန်းစုကြည်သည် Arnaud de Baecque ဟု ယူဆရသူနှင့် လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရသည်။ အခြားဓာတ်ပုံတစ်ပုံတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိတ်လှီးနေသည်ကို တွေ့ရပြီး၊ နောက်ထပ်ဓာတ်ပုံတစ်ပုံတွင် “Happy Birthday Aunty Suu” (အန်တီစု မွေးနေ့မှာ ပျော်ရွှင်ပါစေ) ဟု ရေးသားထားသည့် ကိတ်မုန့်ကို တွေ့ရသည်။

အဆိုပါဓာတ်ပုံများကို AI နည်းပညာများဖြင့် စိစစ်ချက်အရ လုပ်ကြံဖန်တီးထားခြင်း မဟုတ်ကြောင်း တွေ့ရှိရကြောင်းနှင့် ICRC ဘက်သို့လည်း မှတ်ချက်ပေးရန် ဆက်သွယ်ထားဆဲဖြစ်သည်ဟု AFP က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ဗြိတိန်နိုင်ငံသား ကင်မ်အဲရစ် (Kim Aris) ကလည်း လူမှုကွန်ရက်တွင် “ဒီနေ့ဟာ မျှော်လင့်ချက်ကို ယူဆောင်လာပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော် ကြိုဆိုပါတယ်။ ဒီသတင်းကို အတည်ပြုနိုင် မယ်ဆိုရင်တော့ ဒါဟာ ငါးနှစ်ကျော်အတွင်း မေမေနဲ့ ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှု ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်မိသားစုနဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့သူအားလုံးကို၊ အထူးသဖြင့် Proof of Life လှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့ကြသူ အားလုံးကို ကျွန်တော် အထူးကျေးဇူးတင်ပါတယ်။ အားလုံးရဲ့အသံထွက်ပြောဆိုကြိုးပမ်းပေးမှုနဲ့အတူ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုကြောင့် ကျွန်တော့်မေမေရဲ့ကိစ္စဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုအောက်မှာ ဆက်ပြီးရှိနေနိုင်ခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးခြေလှမ်းမဖြစ်စေရပါဘူး။ ဒီအခြေအနေကနေ လူသားချင်းစာနာမှုဆိုင်ရာ တိုးတက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာဖို ကျွန်တော် မျှော်လင့်ပါတယ်။ အဲဒီထဲမှာ မေမေနဲ့ တိုက်ရိုက်စကားပြောခွင့်ရရှိရေး၊ မိသားစုနဲ့ တွေ့ဆုံခွင့်ရရှိရေး၊ မေမေရဲ့ ကျန်းမာရေးအခြေအနေကို ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်ရရှိရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ မေမေ့ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရေးတို ပါဝင်ပါတယ်။ ကျွန်တော်တို့နဲ့ အတူရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”ဟု ရေးသားထားသည်။

AFP (Agence France-Presse) သည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ဌာနချုပ်ဖွင့်လှစ်ထားသည့် ကမ္ဘာ့ရှေးအကျဆုံးနှင့် တတိယမြောက် အကြီးဆုံး အပြည်ပြည်ဆိုင်ရာ သတင်းဌာနကြီး (International News Agency) ဖြစ်ပြီး Reuters၊ AP (Associated Press) တို့နှင့်အတူ ကမ္ဘာ့သတင်းလောကကို ဦးဆောင်နေသည့် သတင်းဌာနကြီး ၃ ခုတွင် ပါဝင်သည်။
Ref : AFP
