သက်တံ့
၃. ၈. ၂၀၂၆
အသက်မပြည့်သေးသူများအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ အသက် ၂၀ မှ ၄၁ နှစ်အတွင်းရှိ အမျိုးသား ၈ ဦးနှင့် ပြည့်တန်ဆာခေါင်း ဟု ယူဆရသူအမျိုးသမီး ၁ ဦးတို့အား စင်ကာပူနိုင်ငံက ယနေ့တွင် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။
တရားရုံး၏ သတင်းထုတ်ပြန်ခွင့် ပိတ်ပင်မိန့် (Gag order) ကြောင့် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခြင်းမရှိသည့် အသက် ၂၀ အရွယ် အမျိုးသမီးမှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးအား ငွေကြေးယူ၍ လိင်ဝန်ဆောင်မှုပေးရန် စီစဉ်ပေးခြင်းနှင့် ထိုမှတစ်ဆင့် အကျိုးအမြတ်ရယူခြင်းတို့ဖြင့် ခေါင်းပုံဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အဆိုပါ အမျိုးသမီး၏ အမည်ကို ထုတ်ဖော်ပါက နစ်နာသူများ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားနိုင်ကြောင်း တရားရုံးတွင် ကြားနာခဲ့ရသည်။ အဆိုပါ အမျိုးသမီးနှင့် နစ်နာသူမိန်းကလေးငယ် ၂ ဦးတို့ မည်သို့ ပတ်သက်သည်ကိုလည်း ဖော်ပြထားခြင်း မရှိပေ။
တရားစွဲဆိုခံရသည့် အမျိုးသား ၈ ဦးမှာ Muhamad Haziq Bakatiar (၂၃ နှစ်)၊ Irham Hussaini Mohamad Hussain (၂၄ နှစ်)၊ Syahirul Daud Abdul Razak (၂၆ နှစ်)၊ Muhammad Ameerulah Noor Mohamed (၂၇ နှစ်)၊ Wilfred Ang Shui Lai (၃၄ နှစ်)၊ Muhammad Ngasri Sengngari (၃၆ နှစ်)၊ Muhammad ’Aizat Khalis Daud (၃၈ နှစ်) နှင့် Fazal Hanafi Abdul Hameed Chaudhry (၄၁ နှစ်) တို့ ဖြစ်ကြသည်။
၎င်းတို့အားလုံးသည် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ငွေကြေးပေး၍ လိင်ဝန်ဆောင်မှု ရယူခဲ့မှုဖြင့် သီးခြားစီ တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုရယူသူများအနက် Haziq သည် Bedok North ဒေသရှိ လှေကားခွင်တစ်ခုတွင် အဆိုပါ မိန်းကလေးနှင့် လိင်ဆက်ဆံရန် စင်ကာပူဒေါ်လာ ၅၀ (အမေရိကန်ဒေါ်လာ ၃၉ ဒေါ်လာ) ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည်။
Irham နှင့် Syahirul တို့သည်လည်း အဆိုပါ လှေကားခွင်တွင်ပင် သီးခြားအချိန်များ၌ လိင်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်ပေးရန် အဆိုပါ မိန်းကလေးအား အသီးသီး စင်ကာပူဒေါ်လာ ၁၃၀ နှင့် ဒေါ်လာ ၃၀ ပေးခဲ့ကြသည်ဟု စွပ်စွဲခံထားရသည်။
Ameerulah သည် အထပ်မြင့်ကားပါကင်တစ်ခုအတွင်းရှိ ကုန်တင်ယာဉ် (Van) အတွင်း၌ လိင်ဆက်ဆံရန် မိန်းကလေးအား စင်ကာပူဒေါ်လာ ၃၀ ပေးခဲ့သည်ဟု ဆိုသည်။
အလားတူ Ang Shui Lai သည်လည်း Geylang Bahru ရှိ လှေကားခွင်တစ်ခုတွင် လိင်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်ပေးရန် စင်ကာပူဒေါ်လာ ၁၀၀ ပေးခဲ့မှုဖြင့် စွပ်စွဲခံထားရသည်။
Ngasri ဆိုသူမှာမူ မသန်စွမ်းအိမ်သာတစ်ခုအတွင်းနှင့် လှေကားခွင်တစ်ခုတို့တွင် နှစ်ကြိမ်ခွဲ၍ လိင်ဆက်ဆံရန်အတွက် စင်ကာပူဒေါ်လာ ၃၀၀ ပေးခဲ့မှုဖြင့် စွဲချက် နှစ်ခု တင်ခံထားရသည်။
ထို့အတူ Aizat သည် Geylang Bahru တွင် ရပ်ထားသည့် ကားအတွင်း၌ လိင်ဆက်ဆံရန် စင်ကာပူဒေါ်လာ ၁၅၀ ပေးခဲ့မှုဖြင့် တရားစွဲဆိုခံထားရသလို Fazal သည်လည်း Geylang Bahru လှေကားခွင်တွင် လိင်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်ပေးရန် စင်ကာပူဒေါ်လာ ၈၀ ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အဆိုပါ အမျိုးသားများ၏ ကျူးလွန်မှုများအားလုံးသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အဆိုပါ အမျိုးသမီးသည် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် မိန်းကလေးငယ်တစ်ဦးအား စည်းရုံးသိမ်းသွင်းခဲ့သည့်အပြင်၊ အခြားမိန်းကလေးငယ်တစ်ဦး၏ ပြည့်တန်ဆာလုပ်ငန်းမှ ရရှိသောဝင်ငွေဖြင့် သိလျက်နှင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ထို့အပြင် ထိုအမျိုးသမီးသည် လူကုန်ကူးခံရသည့် နစ်နာသူအား ခေါင်းပုံဖြတ်မှုနှင့် ပတ်သက်၍ စင်ကာပူဒေါ်လာ ၁,၄၃၅ ဒေါ်လာ လက်ခံရရှိခဲ့ကြောင်းလည်း သိရသည်။ အလားတူ အဆိုပါ အမျိုးသမီးသည် ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လူကုန်ကူးမှုနှင့် ငွေကြေးယူ လိင်ဝန်ဆောင်မှုများ စီစဉ်ပေးမှု အပါအဝင် စွဲချက် စုစုပေါင်း ၅ ခု တင်ခံထားရသည်။
သူမသည် ပြစ်မှုများကို ဝန်ခံမည်ဖြစ်ပြီး ရှေ့နေငှားရမ်းရန် အစီအစဉ်မရှိကြောင်း သြဂုတ် ၃ ရက်နေ့တွင် တရားရုံးသို့ ထွက်ဆိုခဲ့သည်။ ထို့ကြောင့် သူမသည် စက်တင်ဘာ ၁၄ ရက်နေ့ရုံးချိန်းတွင် အပြစ်ရှိကြောင်း ဝန်ခံရန် သေချာသလောက်ရှိနေသည်။
သြဂုတ် ၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က “ကလေးသူငယ်များနှင့် လူငယ်များအား လူကုန်ကူးခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းနှင့် ပတ်သက်သည့် ပြစ်မှုများကို ကျွန်ုပ်တို့အနေဖြင့် အလေးအနက်ထား ဆောင်ရွက်နေပါသည်။ အသက်မပြည့်သေးသူများကို စည်းရုံးသိမ်းသွင်းခြင်း၊ ခေါင်းပုံဖြတ်ခြင်း သို့မဟုတ် ခေါင်းပုံဖြတ်မှုမှ အကျိုးအမြတ်ရယူသူများအပြင် အသက်မပြည့်သေးသူများကို ငွေပေး၍ လိင်ဝန်ဆောင်မှု ရယူသူများကိုပါ စုံစမ်းစစ်ဆေးပြီး တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။
အမျိုးသမီးများကို ကြိမ်ဒဏ်ပေးလေ့မရှိသော စင်ကာပူနိုင်ငံတွင် ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လူတစ်ဦးအား စည်းရုံးသိမ်းသွင်းမှုဖြင့် ပြစ်ဒဏ်ထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ် ၁၀ နှစ်အထိ၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ အထိနှင့် ကြိမ်ဒဏ် ၆ ချက်ထက် မပိုသော ပြစ်ဒဏ်များ ကျခံရနိုင်သည်။ ထို့အတူ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များထံမှ ငွေပေး၍ လိင်ဝန်ဆောင်မှု ရယူသည့် ပြစ်မှုထင်ရှားသူသည် ထောင်ဒဏ် ၇ နှစ်အထိ၊ ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်သည်။
Ref : The Straits Times/ANN
