နေမိုး
၃. ၈. ၂၀၂၆
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Arnaude de Baqque သည် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ယနေ့နံနက်ပိုင်း ၉ နာရီခန့်တွင် မိနစ် ၃၀ ကျော် လာရောက်တွေ့ဆုံခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယခု ထုတ်ပြန် ပြောကြားသည်။
ယင်းသို့ လာရောက်တွေ့ဆုံစဉ် Mr. Arnaude de Baqque နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတည်းသာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား လက်ရှိတွင် ကောင်းမွန်စွာ ထားရှိကြောင်းနှင့် ကျန်းမာရေးအခြေအနေမှာလည်း တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်းလည်း အသိပေးသည်။
တွေ့ဆုံမှုနှင့်ပတ်သက်၍ လွတ်လပ်ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံ လည်ပတ်ခြင်း ဆိုင်ရာ စံနှုန်းများအရ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး လေ့လာ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ထိန်းသိမ်းထားသည့် တာဝန်ရှိသူများနှင့်သာ သီးသန့်မျှဝေ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ အင်တာနက် ဝက်ဘ်ဆိုက်မှ တစ်ဆင့် သတင်း ထုတ်ပြန်ထားကြောင်း သိရှိရပါသည်ဟုလည်း ဒေါက်တာခိုင်ခိုင်စိုးက ဆိုသည်။
