၃.၈.၂၀၂၆.
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၊ ခိုင်ဘာ ပက်တန့်ကွာပြည်နယ်၊ ဆွတ်ချိုင့်ဝှမ်းရှိ ကာဘယ်လ်မြို့ တွင် စစ်သွေးကြွဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခု ပြုလုပ်နေစဉ်အတွင်း သြဂုတ်လ ၂ ရက်က အသေခံ ဗုံးခွဲသမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ရဲများအပါအဝင် လူ ၁၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒေသတွင်း စစ်သွေးကြွအကြမ်းဖက်မှုများ တိုးပွားလာခြင်းနှင့် ပြည်နယ်၏ နိုင်ငံသားများကို ကာကွယ် နိုင်စွမ်းမရှိခြင်းကို ကန့်ကွက်ဆန္ဒပြရန် ဒေသခံရဲစခန်းတစ်ခု၏ အပြင်ဘက်တွင် ပြုလုပ်ခဲ့သော အခမ်းအနားတွင် ရဲအရာရှိငါးဦးလည်း အဆိုပါ အသေခံတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။
စုဝေးရောက်ရှိသူများက အာဏာပိုင်များအနေနှင့် စစ်သွေးကြွများကို ပြတ်ပြတ်သားသား မလုပ်ဆောင်ခဲ့ကြကြောင်း စွပ်စွဲခဲ့ကြကာ နှစ်ပေါင်းများစွာ ပြင်းထန်သော အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ဒေသခံများသည် ကြောက်ရွံ့မှုမရှိဘဲ နေထိုင်လိုကြကြောင်း ပြောကြားခဲ့သည်။

ထိုဒေသသည် ၂၀၁၂ ခုနှစ်တွင် တာလီဘန်သေနတ်သမားတစ်ဦး၏ ပစ်ခတ်ခံခဲ့ရသော နိုဘယ်ဆုရှင် မာလာလာယူဆွတ်ဇိုင်၏ မွေးရပ်ဒေသဖြစ်သည်။
စုဝေးပွဲတွင် လူရာပေါင်းများစွာ တက်ရောက်ခဲ့ကြကာ လူမှုမီဒီယာဗီဒီယိုမှတ်တမ်းများအရ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများကြား ထိတ်လန့်တုန်လှုပ်စေခဲ့ချိန်တွင် ဆန္ဒပြသူတစ်ဦးက စကား တစ်ဝက်တစ်ပျက်ပြောနေသည်ကို ပြသခဲ့သည်။
“ရဲစခန်းရှေ့မှာ ရှာဖွေဖို့ တောင်းဆိုခံရတဲ့အချိန်မှာ အသေခံဗုံးခွဲသမားက သူ့ကိုယ်သူ အသေခံပြီး ဖောက်ခွဲခဲ့တာပဲ” ဟု ဒေသခံရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
မည်သည့်အဖွဲ့ကမျှ ထိုအကြမ်းဖက်မှုက ၎င်းတို့လက်ချက်ဟု ကြေညာ ပြောကြားကြခြင်းမရှိဟု သိရသည်။
သမ္မတ အာဆစ်ဖ် အလီဇာဒါရီနှင့် ဝန်ကြီးချုပ် ရှက်ဘတ်ဇ် ရှာရစ်ဖ် နှစ်ဦးစလုံးက ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြသည်။
“အကြမ်းဖက်သမားများသည် ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်၏ အမိန့်အာဏာကို ထိခိုက်စေမည့် ၎င်းတို့၏ မကောင်းသောကြိုးပမ်းမှုများတွင် ဘယ်တော့မှ အောင်မြင်မည်မဟုတ်ပါ” ဟု ဇာဒါရီက ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင် မကြာသေးမီက စစ်သွေးကြွတိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး အများစုမှာ ရဲနှင့် လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားခဲ့သည်။
တာလီဘန်တို့၏ အခိုင်အမာနယ်မြေဖြစ်ခဲ့သောဆွတ်ချိုင့်ဝှမ်း၌ အစ္စလာမ္မစ်အစွန်းရောက်များကို ပါကစ္စတန်စစ်တပ်က ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း မောင်းထုတ်ပြီး အစိုးရက ထိုဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဘာသာရေးအစွန်းရောက်စစ်သွေးကြွများက မကြာသေးမီကပင် ပြန်လည်ထကြွလာခဲ့ကြပြီး Tehrik-e-Taliban Pakistan သို့မဟုတ် TTP ဟုလူသိများသော ပါကစ္စတန်တာလီဘန်အဖွဲ့က အထူးတက်ကြွစွာ လှုပ်ရှားလျက်ရှိသည်။
TTP သည် အာဖဂန်နစ္စတန်၏ တာလီဘန်အုပ်ချုပ်သူများမှ ခွဲထွက်လာသော်လည်း မဟာမိတ်ဖွဲ့ထား ပြီး အိမ်နီးချင်းနိုင်ငံများအကြား တင်းမာမှု၏ အရင်းအမြစ်တစ်ခုဖြစ်ခဲ့သည်။
ပါကစ္စတန်က TTP နှင့် အခြားစစ်သွေးကြွအဖွဲ့များသည် အာဖဂန်နစ္စတန်၏ တာလီဘန်အုပ်ချုပ်သူများ၏ ပံ့ပိုးမှုဖြင့် နိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့ပြီး TTP နှင့် ၎င်း၏ ပံ့ပိုးမှုကွန်ရက်ကို ဆက်လက်ပစ်မှတ်ထားမည်ဟု ကတိပြုထားသည်။
Ref-AP
