၁.၈.၂၀၂၆
Written by Linn Eain
နိုင်ငံတော်သမ္မတမှ ပေးပို့ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အချက် ၄၃ ချက်အား ပြည်သူ့လွှတ်တော်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက်တည်း ဦးစားပေး ချက်ချင်းဆွေးနွေးသွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်တွင် ဩဂုတ် ၁ ရက်၊ နံနက်ပိုင်းကပြုလုပ်ခဲ့သည့် သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သည့် အချက် ၄၃ ချက်သည် အမျိုးသားလွှတ်တော်သို့ စတင်ပေးပို့ထားခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်သို့ တရားဝင်ပေးပို့လာခြင်းမရှိသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ” ကျွန်တော်တို့ဆီ ရောက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်က ကော်မတီကို ကျွန်တော်တို့ပို့မယ်။ ပို့ပြီးတော့ ချက်ချင်းပဲ ဒီကိစ္စကို ဦးစားပေးပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ တရားဝင်ပေးပို့တာ မရှိသေးပါဘူးလို ပြန်ကြားပါရစေ ” ဟု ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံတော်မှ ယင်းအချက် ၄၃ ချက်ကို အမျိုးသားလွှတ်တော်သို့ ပေးပို့ထားကာ အမျိုးသားလွှတ်တော်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသော်လည်း ပြည်သူ့လွှတ်တော်သို့ တရားဝင်ဆွေးနွေးရန်အတွက် ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။
” နိုင်ငံတော်ဘက်က ကျွန်တော်တို့ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အချက် ၄၃ ချက် ပေးထားတယ်။ ပေးထားတယ်ဆိုတာက ဒါက အမျိုးသားလွှတ်တော်မှာ ဆွေးနွေးရမယ့်ကိစ္စ ဖြစ်တော့ အမျိုးသားလွှတ်တော်ကို စပေးထားတယ်။ အမျိုးသားလွှတ်တော်ကလည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့်ထားတယ်လို့ သိရတယ်။ သို့သော်လည်း ကျွန်တော်တို့ဆီကို တရားဝင် ဆွေးနွေးဖို့အတွက် လာတာ မရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ legislative calendar ခေါ်တာပေါ့နော်။ ဘယ်မှာ ဘာ ဘယ်အချိန်မှာ ဘာဆွေးနွေးမယ်ဆိုတဲ့ ဥပဒေပြုရေး ပြက္ခဒိန်မှာ ဒါမပါသေးဘူး ” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်သည့် ပုဒ်မ ၄၃၆ အပါအဝင် ဖြည့်စွက်ပြင်ဆင်သင့်သည့် အချက်ပေါင်း (၄၃) ချက်ကို ဇူလိုင် ၁ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ စာဖြင့်ပေးပို့ထားကြောင်း သိရသည်။
အဆိုပါပေးပို့သည့် စာတွင် ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) အရ ပြင်ဆင်/ဖြည့်စွက်သင့်သည့် အချက်များမှာ ပုဒ်မ-၄၊ ၅၊ ၈၊ ၁၁ (က)၊ ၁၉ (က)၊ ၂၀ (က)၊ ၂၂ (ဃ)၊ ၂၃ (ဂ)၊ ၂၇၊ ၃၀၊ ၅၃ (က)၊ ၅၉ (ဂ)၊ ၅၉ (ဃ)၊ ၁၀၆ (က)၊ ၁၀၆ (ခ)၊ ၂၄၈ (ဂ) တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ (ခ) အရပြင်ဆင်/ ဖြည့်စွက်သင့်မည့် အချက်များမှာ ပုဒ်မ- ၆၄၊ ၁၃၄ (က)၊ ၁၃၄ (ခ)၊ ၁၈၈ (က)၊ ၂၃၂ (က)၊ ၂၃၅ (ခ)၊ ၂၃၉ (က)၊ ၂၄၄ (က)၊ ၂၄၅ (ခ)၊ ၂၅၀၊ ၂၆၁ (က) (၅)၊ ၂၆၁ (က) (၆)၊ ၂၈၆ (က) (၂)၊ ၂၈၈ (က)၊ ၂၈၈ (ခ)၊ ၃၂၂ (ခ)၊ ၃၂၂ (ဇ)၊ ၃၃၁၊ ၃၃၅၊ ၃၄၂၊ ၃၇၃၊ ၄၀၁ (က)၊ ၄၀၂၊ ၄၀၃၊ ၄၀၃(က)၊ ဇယား- ၁ နိုင်ငံခြားရေးကဏ္ဍအပိုဒ် (ဇ) နှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ အပိုဒ် (ည)တိုဖြစ်ကြောင်း ဖော်ပြထားသည်။
