၁.၈.၂၀၂၆
Written by NYL
ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များ မေးခွန်းများ မေးမြန်းရာ၌ ကန့်သတ်ထားခြင်းမရှိ ကြောင်းနှင့် မည်ကဲ့သို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မမေးသည်ကို မိမိလည်း မသိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ဩဂုတ် ၁ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာတွင် ပြည်သူများသိလိုသည့် စုံမကိစ္စရပ်များ၊ ဆိုင်ကယ်ဘေးတွဲကိစ္စရပ်များကဲ့သို့ မေးခွန်းများ မေးမြန်းသဖြင့် ကျေးဇူတင်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မမေးကြသဖြင့် မေးခွန်းများ ကန့်သတ်ထားမှုရှိပါသလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
” ဘာမေးပါ၊ ဘာမမေးပါနဲ့လို့ ကျွန်တော် ကန့်သတ်ထားတာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ မေးတာ ကျွန်တော်လည်း မကြားဘူးဗျ။ ဘာဖြစ်လို့ မမေးလဲဆိုတော့ ကျွန်တော်လည်း မသိဘူးဗျ။ ကျွန်တော် ထင်တာကတော့ သူတို့ ဒါထက် သူတို့ရဲ့ Constitution သူတို့ရဲ့ မဲဆန္ဒနယ်မြေမှာ ရှိတဲ့ ဖွံဖြိုးတိုးတက်ရေးကိစ္စကို ပိုပြီး စိတ်ဝင်စားနေတာ တူပါတယ်။ ဒါကြောင့် မေးခွန်းများသည် မိမိဒေသ ဖွံဖြိုးတိုးတက်ရေးကို Priority ထားပြီးတော့ မေးကြတာ။ ဒါကြောင့် ကျွန်တော်ကတောင်မှ ပြောရတယ်။ မင်းတို့ လမ်းတွေ၊ တံတားတွေ ဒါ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို မေးတာကောင်းတယ်။ တစ်ဖက်ကလည်း နိုင်ငံတော်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို စဉ်းစားကြပါဦး။ ဒါလေးပဲ ထပ်ပြီးတော့ မေးကြပါ ကျွန်တော်ပြောထားပါတယ်။ ခုနက မမေးတာတော့ သူတိုရဲ့ ဆန္ဒပါပဲ။ မေးစေချင်ရင် တစ်ယောက်ယောက်ကို ခင်ဗျားသွားမေးခိုင်းပါ ခင်ဗျာ ” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းမှုကို လုံး၀ကန့်သတ်ထားခြင်းမရှိဘဲ မနက်ဖြန်တွင် မေးမည့် မေးခွန်း၊ အဖွဲ့များကို ကြိုတင်ခေါ်တွေ့ပြီး လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းခြင်းဖြစ်၍ နိုင်ငံတော်အဆင့်မေးမြန်းခြင်းဖြစ်ပြီး ကလေးကလားမဖြစ်စေချင်ကြောင်း ပြောကြားမှုရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
” မေးခွန်း ကျွန်တော် လုံးဝ မကန့်သတ်ဘူး။ ကျွန်တော်က ဟိုတစ်ခုပဲရှိတယ်။ ဟိုမှာ အကုန်သိတယ်။ မနက်ကိုမေးမယ်ဆိုရင် မေးတဲ့မေးခွန်းတွေ၊ အဖွဲ့တွေ ကျွန်တော်က ခေါ်တွေ့တယ်။ ဖြေတဲ့အဖွဲတွေ ကျွန်တော်ခေါ်တွေ့တယ်။ ကျွန်တော် ဘာပဲပြောလဲဆိုတော့ မေးခွန်းမေးတာက ဥက္ကဋ္ဌကို မေးတာ။ လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်လို့ ပြောတာ။ လွှတ်တော်ဥက္ကဋ္ဌကို မေးတာဖြစ်တဲ့အတွက်ကြောင့် ဒါနိုင်ငံတော်အဆင့်ကို မေးတာဖြစ်တဲ့အတွက်ကြောင့် ဒီလိုမေး မေးခွန်းတွေဟာ ကလေးကလားသိပ်ပြီးတော့ မဖြစ်စေနဲ့။ ဒါ ကျွန်တော် ပြောပါတယ် ” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ဆက်လက်၍ ဒုတိယအနေဖြင့် ဖြေကြားမည့်သူများကိုလည်း ခေါ်ယူတွေ့ဆုံပြီး ဆုံးဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်ပါက အတိအကျမဟုတ်သော်လည်း ကျေနပ်လောက်သည့် အဖြေမျိုးပေးခဲ့ရန်လိုကြောင်း၊ အချို့အရာများတွင် လုပ်မပေးနိုင်ဘူးဟု ပြောမည့်အစား ကွင်းဆင်းကြည့်ပေးရန်၊ ယင်းနောက် ကွင်းဆင်းကြည့်ပြီးလျှင် Priority အလိုက် လုပ်ရန်လိုအပ်သည်ဆိုလျှင် အစီရင်ခံစာပြုလုပ်ပေးရန်တို့ကို မှာကြားထားကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
