သက်တံ့
၁. ၈. ၂၀၂၆
မကြာခင် ယှဥ်ပြိုင်ကစားမည့် မြန်မာကိုယ်စားပြု YG (Yangon Glaticos) နှင့် ရုရှားကိုယ်စားပြု TS (Team Spirit) တို့၏ EWC 2026 MLBB Esports ကမ္ဘာ့ဖလားပွဲကို စုစည်းကြည့်ရှုမည့် Watch Party ကို သုဝဏ္ဏကွင်းတွင် ညနေ ၅ နာရီခွဲမှ စတင်ကျင်းပမည်ဖြစ်၍ ပြည်သူများ လာရောက်အားပေးရန် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) က ဖိတ်ခေါ်ထားသည်။
2026 Esports ကမ္ဘာ့ဖလားပြိုင်ပွဲ၏ Mobile Legends: Bang Bang ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် Semi-Finals ပွဲစဉ်ကို အောင်မြင်စွာ ဖြတ်ကျော်ကာ Grand Final အဆင့်သို့ သမိုင်းဝင်တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ သမိုင်းဝင်အောင်မြင်မှုကို မြန်မာ Esports ပရိသတ်များနှင့်အတူ ဂုဏ်ပြုအားပေးနိုင်ရန် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) နှင့် Yangon Galacticos (YG) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် 2026 Esports ကမ္ဘာ့ဖလားပြိုင်ပွဲ Grand Final Watch Party ကို ရန်ကုန်မြို့၊ သုဝဏ္ဏ အမျိုးသားမိုးလုံလေလုံ အားကစားရုံ (Thuwunna National Indoor Stadium) ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
Grand Final Watch Party အစီအစဉ်အတွက် တံခါးဖွင့်ချိန်ကို ညနေ ၅ နာရီ ၃၀ မိနစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်း၏ သမိုင်းဝင် Grand Final ပွဲစဉ်ကို Esports Communities များ၊ ပရိသတ်များနှင့်အတူ စည်းလုံးညီညွတ်စွာ လာရောက်အားပေးနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် မြန်မာ Esports ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံကိုယ်စားပြုအသင်းများ၊ အသင်းအဖွဲ့များနှင့် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ ယခု Grand Final Watch Party ကိုလည်း Yangon Galacticos အသင်းနှင့် ပူးပေါင်းကျင်းပခြင်းဖြင့် မြန်မာ Esports အသိုက်အဝန်း၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံတကာအောင်မြင်မှုများကို အတူတကွ ဂုဏ်ပြုမှတ်တမ်းတင်လိုပါသည်။
မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် 2026 Esports ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် Yangon Galacticos အသင်း၏ သမိုင်းဝင်အောင်မြင်မှုကို ဂုဏ်ယူစွာ မှတ်တမ်းတင်ပြီး Grand Final ပွဲစဉ်တွင်လည်း အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် ယှဉ်ပြိုင်ကာ ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးယူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ထို့အပြင် မြန်မာ Esports ပရိသတ်များ၊ Esports Communities များနှင့်အတူ Yangon Galacticos အသင်း၏ သမိုင်းဝင်ခရီးလမ်းကို အတူတကွ အားပေးဝန်းရံနိုင်ရန် Grand Final Watch Party သို့ လာရောက်အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်ဟု MESF က ထုတ်ပြန် ဖိတ်ခေါ်ထားသည်။
