သက်တံ့
၃၁. ၇. ၂၀၂၆
ONE Championship နှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော နားလည်မှု လွဲမှားမှုများနှင့် ပတ်သက်၍ အကျိုးအမြတ် လိုလားသူများ၏ လှုံ့ဆော်မှုကို ခံခဲ့ရကြောင်း ဝန်ခံကာ ရော့ထန် (Rodtang Jitmuangnon) က ONE နှင့် ပွဲစဉ်စီစဉ်သူအဖွဲ့အား တောင်းပန်စကား ပြောကြားခဲ့သည်။
ONE Championship ဖလိုင်းဝိတ် မွေထိုင်း ကမ္ဘာ့ချန်ပီယံဟောင်း ရော့ထန်သည် ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ လပေါင်းများစွာ မရေမရာ ဖြစ်နေမှုများကို အဆုံးသတ်ကာ ONE Championship နှင့် စာချုပ်သစ် ချုပ်ဆိုပြီးနောက် ယမန်နေ့ (ဇူလိုင် ၃၀ ရက်) က ၎င်း၏ Facebook စာမျက်နှာတွင် အဆိုပါ ထုတ်ပြန်ချက်ကို ဝေမျှခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အကြား ဖြစ်ပွားခဲ့သော အငြင်းပွားမှုကို ဂျစ်မောင်းနွန်း (Jitmuangnon) ကလပ်မှ လူကြီးပိုင်းများ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် အဆင်ပြေစွာ ဖြေရှင်းနိုင်ခဲ့သည်။

“ကျွန်တော့်အနာဂတ်အတွက် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့နဲ့ အာရုံစိုက်နိုင်ဖို့ အရာအားလုံးကို နောက်ဆုံးအကြိမ်အဖြစ် ရှင်းလင်းပြောကြားလိုပါတယ်” ဟု ရော့ထန်က ရေးသားထားသည်။
၎င်းအနေဖြင့် ကျော်ကြားမှုနှင့် ငွေကြေးဓန အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် လူသစ်များစွာ ၎င်း၏ ဘဝအတွင်းသို့ ဝင်ရောက်လာခဲ့သော်လည်း ထိုသူအားလုံးသည် စေတနာကောင်းဖြင့် ရောက်ရှိလာကြခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“အဲဒီထဲက လူတော်တော်များများဟာ ကျွန်တော့်ဆီကနေ ငွေကြေးအကျိုးအမြတ် ရယူဖို့ပဲ စိတ်ဝင်စားခဲ့ကြတာပါ။ အသေးစိတ် မပြောချင်ပေမဲ့ အဲဒီလူတွေရဲ့ အကြံပေးချက်တွေကို လိုက်နာခဲ့မိတာဟာ ကျွန်တော့်ရဲ့ အမှားပါပဲ။ အခုတော့ အဲဒီလူတွေနဲ့ ဆက်ဆံရေး အပြီးသတ် ဖြတ်တောက်လိုက်ပြီဖြစ်သလို ကျွန်တော့်ဘဝထဲကနေလည်း ဖယ်ရှားပစ်လိုက်ပါပြီ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ONE Championship နှင့် ချုပ်ဆိုထားသော စာချုပ်နှင့် ပတ်သက်သည့် ပြောဆိုချက်များနှင့် ပတ်သက်၍လည်း ရော့ထန်က ရှင်းလင်းခဲ့ရာတွင် ONE ဘက်က ၎င်းအား စာချုပ်ပါ ပမာဏထက် ပိုမိုများပြားသော ထိုးကြေးကို အမြဲတမ်း ပေးချေခဲ့ကြောင်း ပြောကြားခဲ့သည်။
ONE Championship မှ မည်သူမျှ ၎င်း၏ လက်မှတ်ကို အတုမပြုလုပ်ခဲ့ကြောင်းနှင့် နားလည်မှုလွဲမှားခဲ့မှုအတွက် ပွဲစဉ်စီစဉ်သူအဖွဲ့ဝင် မစ္စတာ တီမို ရူဂျ် (Timo Ruge) အား တိုက်ရိုက်တောင်းပန်ခဲ့သည်။
“ဖြစ်ပွားခဲ့တဲ့ နားလည်မှုလွဲမှားမှုအတွက် မစ္စတာ တီမို ရူဂျ်ကို လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ်” ဟု ဆိုသည်။
အသက် ၂၉ နှစ်အရွယ်ရှိ ရော့ထန်သည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ၎င်း၏ ပြုမူဆောင်ရွက်ချက်များကြောင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပါက ONE Championship ၏ ဥက္ကဋ္ဌနှင့် စီးအီးအို မစ္စတာ ချတ္ထရီ ဆစ်ယော့ဒေါင်း (Chatri Sityodtong) ကိုလည်း တောင်းပန်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော့်ရဲ့ ရိုးသားဖြောင့်မတ်မှုကို သက်သေပြဖို့ အကောင်းဆုံးနည်းလမ်းကတော့ ထိုင်းနိုင်ငံနဲ့ ဂျစ်မောင်းနွန်း ကလပ်အတွက် ဂုဏ်ယူဝါကြွားစရာတွေ ယူဆောင်လာပေးနိုင်ဖို့ ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်ရယူတာပါပဲ။ ကမ္ဘာကြီးအနေနဲ့ အသန်မာဆုံးနဲ့ အကောင်းဆုံး ရော့ထန်ကို တွေ့မြင်ရတော့မှာပါ။ ကျွန်တော် အောင်ပွဲတွေကို ဆာလောင်နေဆဲဖြစ်သလို အပြည့်အဝ စိတ်နှစ်မြှုပ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
၎င်းက “အရင် သံမဏိလူသား (Iron Man) ပြန်လာပါပြီ” ဟု ပြောကြားကာ နိဂုံးချုပ်ခဲ့သည်။
ထို့အတူ လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရော့ထန်သည် ၎င်း၏ မိသားစုအပေါ် ပုတ်ခတ်ပြောဆိုမှုများ အပါအဝင် ဆဲဆိုရိုင်းစိုင်းသော ဘာသာစကားများနှင့် သတင်းအမှားများ အသုံးပြုထားသည့် လူမှုကွန်ရက် ပို့စ်များနှင့် ပတ်သက်၍ ဘန်ကောက်မြို့ရှိ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) တွင် အရေးယူပေးရန် တိုင်ကြားချက် တင်သွင်းခဲ့ကြောင်း သိရသည်။
Ref : Thaiger
