၃၁.၇.၂၀၂၆
Translated by Htwe Ko Tun
ပါကစ္စတန်အုပ်ချုပ်သော ကက်ရှ်မီးယားဒေသအတွင်း ပိတ်ပင်ထားသော တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းတစ်ခုက ရွေးကောက်ပွဲများကို သပိတ်မှောက်ပြီး ဆန္ဒပြမှုများပြုလုပ်ပြီးနောက် ဆန္ဒပြသူ ၃၀ ဦးကျော် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ ၎င်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက ကက်ရှ်မီးယားဒေသ ဒေသဆိုင်ရာရွေးကောက်ပွဲများအတွင်း အကြမ်းဖက်မှုများ မြင့်တက်လာမည်ကို စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ကြသည်။
ပူးတွဲအဝါမီလှုပ်ရှားမှုကော်မတီ (Jaac) ၏ ခေါင်းဆောင်များက ယခုအပတ်အစောပိုင်းတွင် ရဲနှင့် ဆန္ဒပြသူများအကြား ပဋိပက္ခများကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း ဇူလိုင်လ ၂၉ ရက်က ပြောကြားခဲ့သည်။ ဗီဒီယိုကြေညာချက်တစ်ခုတွင် Jaac အဖွဲ့ဝင် ဆာဒါ အူမား နာဇာက မဲပေးပွဲ ပထမအဆင့်ကျင်းပသည့် ဇူလိုင်လ ၂၇ ရက်တွင် ဆန္ဒပြပွဲချီတက်ပွဲတစ်ခုအတွင်း ထောက်ခံသူ ၂၀ ဦး သေဆုံးခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ထို့ပြင် ရာဝါလာကော့၊ မာပူနှင့် အခြားနေရာများတွင် ဇူလိုင်လ ၂၈ ရက်၌ ထိုင်သပိတ်များအပါအဝင် ဆန္ဒပြသူ အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ တောင်းဆိုချက်က ငြိမ်းချမ်းပါတယ်၊ ကျွန်တော်တို့က အကြမ်းမဖက်ဖို့ ကြိုးစားခဲ့ပြီး ဒါကို သေနတ်ကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်” ဟု နာဇာက ပြောကြားခဲ့သည်။
ပါကစ္စတန်အာဏာပိုင်များက ဇူလိုင်လ ၂၇ ရက်က အကြမ်းဖက်မှုတွင် လုံခြုံရေးအရာရှိတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့ သည် ဆန္ဒပြသူများကို အင်အားသုံး၍အသက်ဆုံးရှုံးစေကာ အနှောင့်အယှက်ဖြစ်အောင်လုပ်ခဲ့ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး ပဋိပက္ခစောင့်ကြည့်သူ အက်တစ်က အကြမ်းဖက်မှုသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။
ပထမအကျော့မဲပေးမှုတွင် မာပူခရိုင်၊ ကော့လီခရိုင်နှင့် ဘင်မ်ဘာ ခရိုင်များပါဝင်ခဲ့ပြီး နောက်ထပ် အဆင့်နှစ်ဆင့်ကို သြဂုတ်လ ၂ ရက်နှင့် သြဂုတ်လ ၁၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။ ပါကစ္စတန်၏ အာဏာရ PML-N ပါတီက ဇူလိုင်လ ၂၇ ရက် မဲပေးပွဲ ပထမအဆင့်တွင် ယှဉ်ပြိုင်ခဲ့သော ၁၃ နေရာအနက် ကိုးနေရာကို အနိုင်ရရှိခဲ့သည်။
ပူးတွဲအဝါမီလှုပ်ရှားမှုကော်မတီ (Jaac) မှာ ဇွန်လတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ရွေးကောက်ပွဲမှ ပိတ်ပင်ခံခဲ့ရပြီး ၎င်းက ဘဏ်လုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေသည့် ကျယ်ပြန့်သော မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ပါကစ္စတန်အာဏာပိုင်များက အိန္ဒိယကျောထောက်နောက်ခံပြုထားသော လက်နက်ကိုင်အဖွဲ့အစည်းများက ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး အိန္ဒိယက စွပ်စွဲချက်ကို ယခင်က ငြင်းဆိုခဲ့သည်။
Amnesty International ကလည်း Jaac ကို ရွေးကောက်ပွဲ ပိတ်ပင်မှုအား တရားမဝင်ဟု ရှုတ်ချခဲ့ပြီး အာဏာပိုင်များအနေဖြင့် ဆက်သွယ်ရေးများ ပြန်လည်ထူထောင်ရန်၊ မီဒီယာနှင့် လွတ်လပ်သော စောင့်ကြည့်သူများကို ဒေသတွင်းသို့ ဝင်ရောက်ခွင့်ပြုရန်နှင့် ဆန္ဒပြသူများကို အသက်ဆုံးရှုံးစေသော အင်အားသုံး၍ နှိမ်နင်းခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့သည်။
Jaac သည် ကက်ရှ်မီးယားဒုက္ခသည်များအတွက် သီးသန့်ထားသော လွှတ်တော်အမတ်နေရာ ၁၂ နေရာကိုဖျက်သိမ်းရန် တောင်းဆိုခဲ့ပြီး ၎င်းတို့က အဓိကပါကစ္စတန်နိုင်ငံရေးပါတီများအား ဒေသလွှတ်တော်ကို လွှမ်းမိုးခွင့်ပြုသည်ဟု ငြင်းခုံခဲ့သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဟာဆန် အက်စ်ကာရီက ထိုလွှတ်တော်အမတ်နေရာများအပေါ် မှီခိုနေရသည့် အနာဂတ်ဒေသဆိုင်ရာအစိုးရများအဖို့ အငြင်းပွားမှုကို ဖြေရှင်းရန် ခက်ခဲလိမ့်မည်ဟု ပြောကြားခဲ့သည်။ ဇူလိုင် ၂၇ ရက် မဲပေးပွဲ ပထမအဆင့် မဲပေးမှုများအပြီးတွင် မဲများကို ဖြည့်သွင်းခြင်းနှင့် မဲလိမ်လည်မှုများ ပြုလုပ်ခဲ့ကြောင်း ပါတီများစွာကလည်း စွပ်စွဲခဲ့ကြသည်။
Ref-Dhaka Tribune

