သတိုး
၃၀. ၇. ၂၀၂၆
မလေးရှားနိုင်ငံ၊ ကလန်မြို့နယ်၏ ပါလီမန်အမတ်ဟောင်း ဖြစ်သူ ချားလ်စ် ဆန်တီယာဂို (Charles Santiago) က ဘင်္ဂါလီဒုက္ခသည် ၅,၀၀၀ ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် အဆိုပြုချက်အပေါ် မေးခွန်းထုတ်လိုက်ပြီး ၎င်းတို့ ထွက်ပြေးခဲ့ရသည့် အခြေအနေများနှင့် အကြမ်းဖက်မှုများဆီသို့ပင် ပြန်လည်ရောက်ရှိသွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခများအတွင်း ရောက်ရှိနေဆဲဖြစ်ပြီး ဘင်္ဂါလီများသည်လည်း ဖိနှိပ်ချုပ်ချယ်မှုများ၊ နိုင်ငံမဲ့ဖြစ်မှုများနှင့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဆန်တီယာဂိုက စွပ်စွဲ ပြောကြားခဲ့သည်။
“မလေးရှားနိုင်ငံအနေနဲ့ အခြေခံကျတဲ့ မေးခွန်းတစ်ခုကို အရင်မဖြေရှင်းဘဲ ဘင်္ဂါလီ ၅,၀၀၀ ကို မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ရေးကို စိတ်သဘောထားမှန်နဲ့ အောင်ပွဲခံလို့ မရပါဘူး။ လုံခြုံရေး၊ ဂုဏ်သိက္ခာ၊ နိုင်ငံသားဖြစ်ခွင့်နဲ့ မိမိသဘောဆန္ဒအလျောက် ပြန်လည်ထွက်ခွာခွင့်တွေအတွက် စိတ်ချယုံကြည်ရတဲ့ အာမခံချက်တွေ မရှိဘူးဆိုရင် ဒါဟာ ကြွေးကြော်ဂုဏ်ယူရမယ့် သံတမန်ရေးရာ အောင်မြင်မှုမဟုတ်ဘဲ နိုင်ငံ့အပေါ် ယုံကြည်စိတ်ချမှုဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ ဆွေးနွေးပွဲများအပြီးတွင် မြန်မာနိုင်ငံဘက်က မလေးရှားနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည် ပထမသုတ် ၅,၀၀၀ ကို ပြန်လည်လက်ခံရန် သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ကြေညာခဲ့သည်။ အန်ဝါက ယင်းသဘောတူညီချက်သည် ကာလရှည်ကြာဖြစ်ပွားနေသော ဒုက္ခသည်ပြဿနာကို ဖြေရှင်းရန်နှင့် အများပြည်သူ အေးချမ်းသာယာမှုကို ထိန်းသိမ်းရန် ပထမခြေလှမ်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
သို့သော် ဆန်တီယာဂိုကမူ မလေးရှားနိုင်ငံအာဆီယံဥက္ကဋ္ဌ တာဝန်ယူထားစဉ်အတွင်း မြန်မာစစ်ဘက်ခေါင်းဆောင်ပိုင်းနှင့် ဆက်ဆံဆောင်ရွက်ရာ၌ ငြိမ်းချမ်းရေး၊ တာဝန်ယူမှုနှင့် တရားမျှတမှုတို့အတွက် အဓိပ္ပာယ်ရှိသော တိုးတက်မှုများထက် ဒုက္ခသည်များကို ဖယ်ရှားရေးကို ဦးစားပေးခဲ့သလားဟု မေးခွန်းထုတ်ခဲ့သလို”ခုလို ပွင့်လင်းမြင်သာတဲ့ အကာအကွယ်ပေးမှုတွေ မရှိဘဲ ပြန်လည်ပို့ဆောင်ရေးကို အကောင်အထည်ဖော်တာဟာ ကျွန်တော်တို့ တစ်ချိန်က မြှင့်တင်ခဲ့တဲ့ မူဝါဒတွေကို စွန့်လွှတ်လိုက်တာ ဖြစ်သွားနိုင်ပါတယ်” ဟု သတိပေးခဲ့သည်။
ဖိအားပေး၍ သို့မဟုတ် အဓမ္မ ပြန်လည်ပို့ဆောင်ခြင်း မည်သည့်ဆောင်ရွက်မှုမဆိုသည် ဖိနှိပ်ချုပ်ချယ်မှု သို့မဟုတ် ပြင်းထန်သော အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည့် နေရာများသို့ လူများကို ပြန်လည်မပို့ဆောင်ရဆိုသည့် Non-refoulement မူဝါဒကို ချိုးဖောက်ရာ ရောက်နိုင်ကြောင်းလည်း ဆန်တီယာဂိုက ထပ်ဆင့် သတိပေးခဲ့သည်။
ထို့ပြင် သင့်တော်သော အကာအကွယ်ပေးမှုများ မပါရှိဘဲ နေရပ်ပြန်ပို့ရေးကို ဆက်လက်လုပ်ဆောင်ပါက မလေးရှား၏ နိုင်ငံတကာဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်းလည်း ယင်းက ဆက်လက် သတိပေးခဲ့သည်။
“ဒုက္ခသည်ဆိုတာ ညှိနှိုင်းစွန့်ပစ်လိုက်ရမယ့် နိုင်ငံရေးအရ အဆင်မပြေမှုတစ်ခု မဟုတ်ပါဘူး။ သူတို့ဟာ ဘေးကင်းရာ ရှာဖွေဖို့ မနက်ဖြန်မရှိတဲ့ အကြမ်းဖက်မှုတွေဆီကနေ ထွက်ပြေးလာကြတဲ့ လူသားတွေ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံကို ထိခိုက်လွယ်တဲ့သူတွေကို အကာအကွယ်ပေးခဲ့တဲ့ နိုင်ငံအဖြစ် သတိရသင့်တာဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ သေဆုံးဖို့ ပြန်ပို့ခဲ့တဲ့နိုင်ငံအဖြစ် မဖြစ်သင့်ပါဘူး” ဟုလည်း ဆန်တီယာဂိုက ပြောကြားခဲ့သည်။
Ref : FMT
