



၃၀.၇.၂၀၂၆
Written by Linn Eain
ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက်ရောက်ရှိလာပြီး နောက် ၂၄ နာရီအတွင်း ၁ ပေခန့်မြင့်တက်လာနိုင်သဖြင့် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၃၀ ရက်၊ ညနေ ၄ နာရီတွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်အရ သိရသည်။
ပဲခူးမြစ်ရေသည် ၂၄ နာရီအတွင်း ရေမျက်နှာပြောင်းလဲမှုအနေဖြင့် ၂၉ စင်တီမီတာထိ ပြောင်းလဲမြင့်တက်ခဲ့ပြီးနောက် ၂၄ နာရီအတွင်း ၉၀၇ စင်တီမီတာခန့်သို့ ရောက်ရှိလာနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။
ယနေ့တွင် ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက် ၈၈၂ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်သဖြင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ရန် သတိပေးနှိုးဆော်ထားသည်။
ထို့ပြင် ပဲခူးမြို့နယ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေများတိုး၍ စတင်ဝင်ရောက်လာသည်ကို ဒေသခံများ၏ လူမှုကွန်ရက်များပေါ်တွင် ဓာတ်ပုံများတင်ထားမှုအရ တွေ့ရှိရပြီး ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန် လိုအပ်သည့် အစီအမံ အတားအဆီးများလည်း ဆောင်ရွက်နေကြကြောင်း သိရသည်။
မိုး/ဇလ၏ ယနေ့ ညနေ ၄ နာရီ မိုးလေဝသတင်းထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေကာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေကြောင်း သိရသည်။
ထို့ကြောင့် ဇူလိုင် ၃၁ ရက်၊ နံနက်ပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီးတွင်ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် သတိပေးထုတ်ပြန်ထားသည်။ (Photo: Tin Swe Myint FB)
