သတိုး
၃၁. ၇. ၂၀၂၆
နိုင်ငံတော်တွင် ရိုသေခန့်ညားလောက်သည့် ကာကွယ်ရေးစွမ်းပကားနှင့် လုံခြုံရေးစွမ်းပကား ရရှိစေရန်အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းကာ အာဏာတည်စေခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်ကျင့်သုံး အကောင် အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းအတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍအကြောင်း ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
“နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်လို့ တပ်မတော်ကို တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော် Standard Army တစ်ရပ်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ တိုက်စွမ်းအားရှိတဲ့ လိုအပ်တဲ့အရင်းအမြစ်တွေ ရရှိစေဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ မူဝါဒများ ချမှတ်ပြီး ဆက်လက်ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ နဲ့ အညီ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူလူထုတစ်ရပ်လုံးပါဝင်ရေးအတွက် တပ်မတော်ဦးဆောင်မှုနဲ့ ပြည်သူ့စစ်မဟာဗျူဟာကိုလည်း ဖော်ဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားနဲ့ လုံခြုံရေးစွမ်းပကား ရရှိစေဖို့လည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းကာ အာဏာတည်စေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ဆက်လက်ကျင့်သုံး အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် တိုက်စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်လာစေရန် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် လုပ်ငန်းစဉ်နှင့်အညီ တပ်မတော်က အမြဲမပြတ် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ရှိသော်လည်း နိုင်ငံ့အခြေအနေအရ တပ်မတော်က ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေရကြောင်း၊ ရဲတပ်ဖွဲ့တွင် နယ်မြေထိန်းသိမ်းရေးရဲတပ်ဖွဲ့နှင့် ဥပဒေစည်းကမ်းဆိုင်ရာ ထိန်းသိန်းသည့်ရဲတပ်ဖွဲ့စသည်ဖြင့် နှစ်မျိုးရှိပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေဖို့ရန် စနစ်တကျ လေ့ကျင့်ဆောင်ရွက်ပေးသွားမည့်အပြင် လေ့ကျင့်သားပြည့်၀သော၊ အဂတိကင်းသော၊ ပြည်သူချစ်သော ရဲတပ်ဖွဲ့များ ဖြစ်လာစေရန်လည်း စီမံပေးသွားမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အပြင် ပြည်သူလူထုနှင့် အဓိက ထိတွေ့နေရသော ရပ်ကွက်ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်များရှိ အုပ်ချုပ်ရေးအဖွဲ့များကိုလည်း နိုင်ငံတော်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေနှင့် အုပ်ချုပ်ရေးအခြေခံသဘောတရားများ သိရှိနားလည်ပြီး အဂတိကင်းကာ စွမ်းရည်ရှိသောအုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင် စနစ်တကျလေ့ကျင့်ပေးသွားမည်ဟုလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရှင်းလင်းပြောကြားသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းကာ အာဏာတည်စေခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခေါ်ယူမှုမှာ လက်ရှိအချိန်တွင် အပတ်စဉ် ၂၅ အထိ ရောက်ရှိနေပြီလည်း ဖြစ်သည်။




