




၂၆.၇.၂၀၂၆
Written by NYL
အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တည်ရှိသော ဓာတ်အားခွဲရုံစုစုပေါင်း ၁၅ ရုံ၊ ထရန်စဖော်မာစုစုပေါင်း ၁၉၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဇူလိုင် ၂၆ ရက် ထုတ်ပြန်မှုအရ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဓာတ်အားခွဲရုံ ၉ ရုံနှင့် ထရန်စဖော်မာ ၈၆ လုံး၊ ကယားပြည်နယ်တွင် ဓာတ်အားခွဲရုံ ၅ ရုံနှင့် ထရန်စဖော်မာ ၇၃ လုံး၊ ချင်းပြည်နယ်တွင် ဓာတ်အားခွဲရုံ တစ်ရုံ၊ အသေးစားရေအားလျှပ်စစ်စက်ရုံ ၂ ရုံနှင့် ထရန်စဖော်မာ ၃၁ လုံးအပါအဝင် ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါပျက်စီးဆုံးရှုံးခဲ့ရသည့် လျှပ်စစ်အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိမှုကြောင့် ဒေသတွင်းလျှပ်စစ်ဓာတ်အားများ ပြန်လည်ရရှိလာကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂၀၂၄ ခုနှစ်အတွင်း လားရှိုးမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့ကို အကြမ်းဖက် သောင်းကျန်းသူများဝင်ရောက်တိုက်ခိုက်မှုများကြောင့် ဓာတ်အားခွဲရုံ ၉ ရုံ၊ ထရန်စဖော်မာ ၈၆ လုံးနှင့် ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့ပြီး ဓာတ်အားပြတ်တောက်ခဲ့ကြောင်း၊ လားရှိုးမြို့နှင့် နောင်ချိုမြို့များကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်ပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများကို အမြန်ဆုံးပြန်လည်ပြုပြင်ခဲ့ပြီး နောင်ချိုမြို့နယ်နှင့် လားရှိုးမြို့တို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေး လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သီပေါမြို့နယ်နှင့် ကျောက်မဲမြို့များတွင် ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သဖြင့် ဓာတ်အားရယူသုံးစွဲရမည့် ၆၆ ကေဗီ မန်စံ-သီပေါ ဓာတ်အားလိုင်း တိုင်အမှတ် ၂၁၀ နှင့် ၂၁၉ ကြား မြေမြှုပ်မိုင်းများရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီးစီးပါက သီပေါမြို့နှင့် ကျောက်မဲမြို့များကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် သီပေါမြို့ကို ဒီဇယ်ဓာတ်အားပေးစက်နှစ်လုံးဖြင့် တစ်ရက်လျှင် ခြောက်နာရီနှင့် ကျောက်မဲမြို့ကို နမ့်စောင်းငေါင်း အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ မဂ္ဂါဝပ်ဖြင့် မြို့ပေါ်အရေးကြီးနေရာများနှင့် အများပြည်သူအချို့အား ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ပုံမှန်အတိုင်းဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ၁၃၂ ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ ၃ ရုံ၊ ထရန်စဖော်မာ ၇၃ လုံးနှင့် ဓာတ်အားလိုင်းများထိခိုက်ပျက်စီးခဲ့သဖြင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး လွိုင်ကော်မြို့၊ လွိုင်လင်လေးမြို့၊ လောပိတမြို့နှင့် ကျေးရွာ ၃၀ ရှိ အိမ်ထောင်စုပေါင်း ၁၃၈၃၇ စု အား ဓာတ်အားပြန်လည်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင်လည်း အကြမ်းဖက်များကြောင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ တစ်ရုံ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်မှု ပထမအဆင့် အနေဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း ပြုပြင်ခြင်းအားဆောင်ရွက်၍ မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာနှင့် အရေးကြီးနေရာတို့ကို ဓာတ်အားပြန်လည်ပေးထားပြီးဖြစ်ကြောင်း၊ လွိုင်ကော်မြို့ရှိ ၃၃ ကေဗွီ ၁၀ အမ်ဗွီအေရွာတန်းရှည်ဓာတ်အားခွဲရုံ ပြန်လည်ပြုပြင်ခြင်းအား နိုင်ငံတော်အစိုးရသစ်၏ ပထမရက်ပေါင်း ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဒီမော့ဆိုမြို့နယ်အား ပြန်လည်ဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ တစ်ရုံ၊ အသေးစားရေအားလျှပ်စစ်စက်ရုံ ၂ ရုံ၊ ထရန်စဖော်မာ ၃၁ လုံးနှင့် ဓာတ်အားလိုင်းများပျက်စီးခဲ့သဖြင့် လိုအပ်သောပစ္စည်းများ ပို့ဆောင်၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ဖလမ်းမြို့ ယာယီဆေးရုံတွင် ၁၂ ကီလိုဝပ်ဆိုလာမီးဖြင့်လည်းကောင်း၊ အရေးကြီးနေရာများ၌ ၆ ကီလိုဝပ်ဆိုလာမီးများဖြင့်လည်းကောင်း ယာယီဓာတ်အားပေးနိုင်ရန် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အရေးကြီးနေရာများအား ယာယီဓာတ်အားပေးနိုင်ရန်အတွက် ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်အား ပြန်လည်ပြုပြင်ထားကြောင်း သိရသည်။
တွန်းဇံမြို့တွင်လည်း ဓာတ်အားပြန်လည်ပေးနိုင်ရေးအတွက် ယခုနှ် ဇွန် ၁၈ ရက်တွင် လျှပ်စစ်ဝန်ထမ်း ၁၂ဦး ရောက်ရှိ၍ ပျက်စီးမှုစာရင်းများကောက်ယူခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး လတ်တလောတွင် ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ကို ပြန်လည်ပြုပြင်ကာ ဌာနဆိုင်ရာရုံး ၁၁ ရုံးနှင့် ဓာတ်အားသုံးစွဲသူ ၃၁၀ ခန့်အား ညစဉ် တစ်နေ့သုံးနာရီ ဓာတ်အားပေးလျက်ရှိပြီး ၂၀၀ ကီလိုဝပ် တွီးဆောင်းရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားပြန်လည်ရရှိသုံးစွဲနိုင်ရေးအတွက် သွားရောက်စစ်ဆေးနိုင်ရန် အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
