



၂၆.၇.၂၀၂၆
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ FMI အိမ်ရာ ဂိတ်အမှတ် (၃) မှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးဟာ ပြင်ပမှ ဝင်ရောက်လာသူအား လုံခြုံရေးအရ စစ်ဆေးရာမှ စကားများ ရန်ဖြစ်ပြီး ဓားနဲ့ ထိုးသတ်ခံရလို့ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ FMI အိမ်ရာ ဂိတ်အမှတ် (၃) မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူက အိမ်ရာလုံခြုံရေး တာဝန်ထမ်းဆောင်နေသူ အသက် ၂၉ နှစ်အရွယ် ဦးသိန်းဖြိုးဦး (ခ) ဦးအောင်ဖြိုးဦး (အဘ-ဦးခင်မောင်တင့်) လို့ သိရပါတယ်။
ဦးသိန်းဖြိုးဦးဟာ အိမ်ရာလုံခြုံရေးအတွက် ပြင်ပမှ ဝင်ရောက်လာတဲ့ လူငယ်တစ်ဦးအား စစ်ဆေးမေးမြန်းရာမှ အဆင်မပြေဘဲ အချင်းများခဲ့ကြရာ အဆိုပါလူငယ်က အိမ်ရာပြင်ပသို့ ရောက်ရှိစဉ် ဦးသိန်းဖြိုးဦးအား လှမ်းခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးသိန်းဖြိုးဦးက သွားရောက်စဉ် လူငယ်က အသင့်ပါလာတဲ့ ဓားနဲ့ ထိုးခဲ့တာကြောင့် လည်ပင်းမှာ ထိုးသွင်းဒဏ်ရာ (၁) ချက် ရရှိကာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ကျူးလွန်သူမှာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ၅ ရပ်ကွက်၊ သိင်္ဂီ (၂) လမ်း၊ အမှတ် (၉၁၈) မှာ နေထိုင်တဲ့ အဆောင်မှူး အသက် ၂၅ နှစ်အရွယ် ဟိန်းထွဋ်ကျော် (အဘ-ဦးကျော်စိုး) ဖြစ်ကြောင်း သိရကာ တရားခံ ဟိန်းထွဋ်ကျော် အား အခင်းဖြစ်ပွားတဲ့ နေရာတင်ပင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေအရ ထိရောက်စွာ အမှုဖွင့် အရေးယူနိုင်ရေးအတွက် အာဏာပိုင်တွေက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
