





၂၆.၇.၂၀၂၆
Written by Linn Eain
ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်နေသာ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၂၆ ရက်၊ နေ့လယ် ၁၂ နာရီထုတ်ပြန်ချက်အရ သိရသည်။
မိုး/ဇလ၏ နံနက် ၁၀ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ (ဩရိဿပြည်နယ်-အနောက် ဘင်္ဂလားပြည်နယ်) ကမ်းခြေတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ ဇူလိုင် ၂၇ ရက်တွင် အိန္ဒိယနိုင်ငံ(ဩရိဿပြည်နယ်မြောက်ပိုင်း- အနောက်ဘင်္ဂလားပြည်နယ်)ကမ်းခြေတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန် ထုတ်ပြန်ထားသည်။
ထို့ပြင် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၃ ရက်၊ နံနက်ပိုင်းအထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ ဒေသများတွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၂၆ ရက်၊ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်သဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားသည်။
