


၂၆.၇.၂၀၂၆
Written by KL
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာတွင် ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က သက်တော် ၈၅ နှစ်အရွယ် ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို အန္တိမအဂ္ဂိစျာပန ကျင်းပမည့် ကွင်းသို့ ပင့်ဆောင်စဥ် လမ်းခုလတ်၌ ပြာသာဒ်နှင့် ဓာတ်ကြိုးထိမိရာမှ ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်လိုက်မှုကြောင့် ရှမ်းရွာဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ကျန်ဒေသခံအမျိုးသား ခုနစ်ဥိီးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သော်လည်း အသက် အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။
ဓာတ်လိုက်၍ ထိခိုက်ဒဏ်ရာရ ရှိသူ ခုနစ်ဦးမှာ လှိုင်းဘွဲ့မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
“မြွေကိုက်ရင် ဖြေဆေးရှိပေမယ့် ဓာတ်လိုက်ရင်တော့ ဖြေဆေးမရှိပါဘူး။ အစစအရာရာ သတိထားသင့်ပါတယ်” ဟု လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်သူတစ်ဦးက ပြောသည်။
အလှူလှည့်ခြင်းနှင့် ဘုန်းကြီးပျံများ ကျင်းပပြုလုပ်ရာတွင် မိမိသွားလာမည့် လမ်းကြောင်းမှ ဓာတ်ကြိုးများကိုလည်း လိုက်လစစ်ဆေးသင့်ပြီး အချို့သော အလှူအတန်းလှည့်လည်ပွဲများတွင် လျှပ်စစ်ဓာတ်ကြိုးများဖြင့် မလွတ်သော နေရာများတွင် ဝါးလုံးများဖြင့် ဓာတ်ကြိုးများကို ထိုးကာ လိုက်လံ ရှင်းလင်းပေးရသူများအတွက် ဓာတ်လိုက်နိုင်ခြေ များပြားကာ အန္တရာယ်ရှိကြောင်း လူမှုကူညီရေးလုပ်ငန်းများလုပ်ဆောင်သူတစ်ဦးက ပြောသည်။
