၂၁.၇.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တွင် ဇူလိုင်လ ၁၉ ရက်က ကျင်းပခဲ့သော ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းက အာဂျင်တီးနားအသင်းကို အချိန်ပို၌ တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိပြီးနောက် ပွဲအပြီး ရန်ပွဲဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ရှေ့နေတစ်ဦးကို ဇူလိုင်လ ၂၀ ရက်က ခန့်အပ်ခဲ့ကြောင်း သိရသည်။

စပိန်တောင်ပံကစားသမား ဖာရန်တောရက်စ် (Ferran Torres) ၏ အချိန်ပိုအနိုင်ဂိုးကြောင့် စပိန်အသင်းသည် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရရှိခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ထိုစဉ်က အာဂျင်တီးနားအသင်းမှာ ကစားသမား ၁၀ ဦးသာ ကျန်ရှိတော့ပြီး အန်ဇို ဖာနန်ဒက်ဇ် (Enzo Fernandez) မှာ ပုံမှန်အချိန် ၉၃ မိနစ်တွင် အဝါကတ် ဒုတိယအကြိမ် ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရသည်။
နောက်ဆုံးပွဲပြီးခရာမှုတ်ချိန်တွင် အာဂျင်တီးနားကွင်းလယ်လူ လီယန်ဒရို ပါရီဒက်စ် (Leandro Paredes) က စပိန်ကစားသမားအချို့နှင့် ရန်ပွဲဖြစ်ပွားခဲ့သည်။ စပိန်ကစားသမားများဘက်က နောက်ခံလူ အဲရစ် ဂါစီယာ (Eric Garcia) နှင့် ကွင်းလယ်လူ ဂါဗီတို့ ပါဝင်သည့် ထိုရန်ပွဲဖြစ်ပွားခဲ့ပြီးနောက် အသင်းနှစ်သင်းကြား ပိုမိုကျယ်ပြန့်သော ရန်ပွဲတစ်ခုကို ဦးတည် ဖြစ်ပေါ်စေခဲ့သည်။

အသင်းနှစ်သင်းမှ ကစားသမာများသည် အပြန်အလှန်တွန်းထိုးခဲ့ကြပြီး ၎င်းတို့အား လူစုခွဲခဲ့ရကာ အာဂျင်တီးနားနည်းပြ လီယွန်နယ်ဘ် စကာလိုနီ (Lionel Scaloni) က ဒေါသထွက်နေသော ၎င်း၏ ကစားသမားများကို ငြိမ်သက်စေရန် ကြိုးစားခဲ့သည်။
စုံစမ်းစစ်ဆေးမှုကို အပြီးသတ်ရန်အတွက် အချိန်ဇယားကို သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။
Ref- Reuters
