




သက်တံ့
၁၈. ၇. ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ယာဥ်တစ်စီးတိမ်းမှောက်ရာမှ လိုက်ပါလာသူနှစ်ဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု ယမန်နေ့ည ၆ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ ည ၆ နာရီ ၁၀ မိနစ် အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာ ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်အမှတ် (၃၀/၁)နှင့်(၃၀/၂)ကြား တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဆားမလောင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ(၂)ဦး အနက် အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သဖြင့် ဆားမလောက်ကျေးရွာ လူငယ့်ရိပ်မွန်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
“ဒေသအခေါ် ငါးမြောင်းထိပ်မှာ ဖြစ်သွားတာပေါ့။ ကားက အရှိန်များတော့ မြောင်းထဲထိုးဆင်းသွားပြီး ရေထဲမှာ တုံးလုံးလဲသွားတာပါ။ ဘယ်လိုဖြစ်တာလဲဆိုတော့ အသေးစိတ်ဖြစ်စဥ်ကိုတော့ တာဝန်ရှိသူတွေစိစစ်နေတယ်လို့ပဲ သိရပါတယ်” ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်တွင် ပါဝင်ကူညီခဲ့သူတစ်ဦးက သိမြင်ရသည့်ဖြစ်စဥ်အပေါ် MT News သို့ပြောသည်။
