




၁၇.၇.၂၀၂၆
Translated by Htwe Ko Tun
မက္ကဆီကိုတောင်ပိုင်း၊ ချီယာပါ့စ်ပြည်နယ် ကမ်းရိုးတန်းတွင် ရစ်ချ်တာစကေး ၇ ဒသမ ၃ မဂ္ဂနီကျူ့ပြင်းအားရှိ ငလျင်တစ်ခု ဇူလိုင်လ ၁၇ ရက်က လှုပ်ခတ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာ၏ အစိတ်အပိုင်းအချို့တွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။
မက္ကဆီကိုနိုင်ငံ၊ ပွာတိုမာဒီရိုမြို့အနီးတွင် ဇူလိုင်လ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၈:၄၉ နာရီ (ဂရင်းနစ် စံတော်ချိန် ၁၄:၄၉ နာရီ) တွင် လှုပ်ခတ်ခဲ့သော ငလျင်က မြေအောက်အနက် ၁၅ ဒသမ၂ ကီလိုမီတာ (၉ မိုင်) အနက်ရှိကြောင်း အမေရိကန် ဘူမိဗေဒ စစ်တမ်းကောက်ယူရေး (USGS) ၏ အဆိုအရ သိရသည်။
ငလျင်လှုပ်ခတ်မှုကို အယ်လ်ဆာဗေဒိုနိုင်ငံတွင်လည်း ခံစားခဲ့ရသည်။ ထို့အတူ မက္ကဆီကိုနှင့် ဂွါတီမာလာနိုင်ငံတို့တွင် ငလျင်ကြောင့် သေဆုံးဒဏ်ရာရရှိမှု သို့မဟုတ် သိသိသာသာ ပျက်စီးဆုံးရှုံး မှုများ မတွေ့ရှိရသေးကြောင်း သိရသည်။
ဂွာတီမာလာနှင့် အယ်လ်ဆာဗေဒိုတို့တွင် ငလျင်ကြောင့် အဆောက်အအုံများ တုန်ခါသွားပြီး လူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကာ လူအချို့ နေအိမ်များမှ ထွက်ပြေးခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။
မက္ကဆီကို ရေတပ်ဗိုလ်ချုပ်ကြီး ရေမွန်ဒို မိုရာလက်စ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ငလျင်က ပြင်းထန်သောသက်ရောက်မှုမရှိသော်လည်း ကမ်းခြေများနှင့် ဝေးဝေးနေရန် လူများကို အကြံပြုထားကြောင်း ပြောကြားခဲ့သည်။
ပြင်းအား ၅ မှ ၆ မဂ္ဂနီကျူ့အကြားရှိ နောက်ဆက်တွဲငလျင်များစွာကို မက္ကဆီကို၊ ဂွာတီမာလာနှင့် အယ်လ်ဆာဗေဒို နိုင်ငံများတွင် ထပ်မံ ခံစားခဲ့ရကြောင်းလည်း သိရသည်။
Ref- BBC , Reuters
