




၁၉.၇.၂၀၂၆
Written by Linn Eain
(၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင် ဝန်ကြီးများရုံး)သို့ ဇူလိုင် ၁၉ ရက်၊ နံနက် ၇ နာရီမှ စတင်ကာ အများပြည်သူများ လာရောက်ဂါရ၀ပြု လေ့လာခဲ့ကြောင်း သိရသည်။
အတွင်းဝန်ရုံးသို့ လာရောက်သူများသည် သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံးဝင်ပေါက်မှ တစ်ဆင့်ဝင်ရောက်ကာ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ပစ်ခတ်လုပ်ကြံခံရသည့် အစည်းအဝေးခန်းသို့ သွားရောက်လေ့လာခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။





အဆိုပါ လာရောက်ဂါရ၀ပြုသူများကို ဦးစွာ ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများပြုလုပ်ပြီးနောက် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းပြီးနောက် ဝင်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။
ထိုသို့ လာရောက်ကြမည့် မိဘပြည်သူများအနေဖြင့် ယူဆောင်ခွင့်မပြု ပစ္စည်း(၁၀)မျိုးဖြစ်သည့် ဘောပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာ အမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များတို့ကို ယူဆောင်လာခြင်းမပြုရန် အသိပေးကြေညာထားသည်။
