သက်တံ့
၁၉. ၇. ၂၀၂၆
ဆယ်စုနှစ်များစွာကြာအောင် မပြတ်မသားဖြစ်နေခဲ့သည့် နယ်နိမိတ်အပိုင်းအစတစ်ခုကို တိုင်းတာသတ်မှတ်နိုင်ရေးအတွက် အိန္ဒိယအစိုးရအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံကို မြေအပိုပေးပြီး ခြံစည်းရိုးခတ်မည့် အစီအစဉ်တစ်ခုကို စဉ်းစားနေသည်ဆိုသော ခန့်မှန်းပြောဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။
အိန္ဒိယအစိုးရက စိစစ်နေဆဲဖြစ်သော အဆိုပြုချက်တစ်ခုတွင် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် မဏိပူရနယ်စပ်တစ်လျှောက်ရှိ နယ်စပ်မှတ်တိုင် (BP) ၆၅ နှင့် ၆၈ ကြား နယ်နိမိတ်တိုင်းတာသတ်မှတ်မှုကို အပြီးသတ်ရန် ပါရှိကြောင်း ‘The Diplomat’ က မြင်တွေ့ခဲ့ရသည့် တရားဝင်စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။ အဆိုပါ စာရွက်စာတမ်းအရ နိုင်ငံခြားရေးအတွင်းဝန်၏ အဆိုပြုချက်တစ်ခုအပြီးတွင် မြန်မာနိုင်ငံကို အိန္ဒိယပိုင်နက်မှ စတုရန်းမိုင် ၁ ဒသမ ၄ မိုင်ကို အလိုက်ပေး လဲလှယ်ပြီး ခြံစည်းရိုးခတ်ရန် “အဆိုပြုထားသည်” ဟု ဆိုသည်။
လဲလှယ်ရန် စဉ်းစားနေသည့် အဆိုပါနယ်မြေသည် မဏိပူရပြည်နယ်၊ ချန်ဒဲလ်ခရိုင် (Chandel district) ထဲတွင် တည်ရှိပြီး မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကဘော်ချိုင့်ဝှမ်းနှင့် ထိစပ်နေသည်။ ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်စွဲပါ ထိုစာရွက်စာတမ်းတွင် နယ်နိမိတ်တိုင်းတာသတ်မှတ်ခြင်းလုပ်ငန်းကို သုံးလအတွင်း အပြီးသတ်ရန် စီစဉ်ထားကြောင်း ဆက်လက်ဖော်ပြထားသည်။
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင် ဝင်ရောက်လာမှုများနှင့် သူပုန်များ လှုပ်ရှားသွားလာမှုများကို စစ်ဆေးတားဆီးရန်အတွက် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်တစ်ခုလုံးကို ခြံစည်းရိုးခတ်ရန် အိန္ဒိယအစိုးရက အရေးတကြီး လိုလားနေခြင်းကြောင့် ဤနယ်နိမိတ်တိုင်းတာမှုကို အရှိန်မြှင့်လုပ်ဆောင်ရခြင်းဖြစ်သည်။ ၁,၆၄၃ ကီလိုမီတာ ရှည်လျားသည့် နယ်စပ်တစ်ခုလုံးတွင် ခြံစည်းရိုးခတ်ရန်နှင့် ကင်းလှည့်လမ်း ဖောက်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံခန့်ကို အတည်ပြုချထားပေးပြီး ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် ၃၉၈ ကီလိုမီတာ ရှည်လျားသည့် နယ်စပ်ချင်း ထိစပ်နေသည်။ နှစ်နိုင်ငံစလုံးသည် ၁၉၆၇ ခုနှစ်တွင် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သည့် နှစ်နိုင်ငံ ပူးတွဲနယ်နိမိတ်ကော်မရှင်က နယ်နိမိတ်တိုင်းတာသတ်မှတ်ခြင်းကို လုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အစိုးရက လွှတ်တော်သို့ တင်ပြရာ၌ နှစ်နိုင်ငံစလုံးက ဖွဲ့စည်းထားသည့် နယ်နိမိတ်ဆိုင်ရာ ယန္တရားမှတစ်ဆင့် ၁၇၁ ကီလိုမီတာကို နယ်နိမိတ်သတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ယင်းတွင် နယ်စပ်မှတ်တိုင် ကိုးခုကို ဖော်ထုတ်စိုက်ထူခြင်းလည်း ပါဝင်မည်ဖြစ်သည်။
မဏိပူရပြည်နယ်ရှိ အငြင်းပွားဖွယ်ရာဖြစ်နေသည့် နယ်နိမိတ်အပိုင်းအစမှာ မိုးလ်ချမ် (Molcham) ရှိ နယ်စပ်မှတ်တိုင် ၆၄ နှင့် ၆၈ ကြား၊ မိုရေး (Moreh) ရှိ နယ်စပ်မှတ်တိုင် ၇၅ နှင့် ၇၉ ကြား၊ နှင့် ချိုရိုခူနူး (Choro Khunou) ရှိ နယ်စပ်မှတ်တိုင် ၈၈ နှင့် ၉၅ ကြားတို့ ဖြစ်ကြသည်။
မဏိပူရအစိုးရသည် နယ်နိမိတ်အငြင်းပွားမှုကို ဖြေရှင်းရန် ၂၀၀၀ ပြည့်နှစ်တွင် အစိုးရအဖွဲ့ ဆပ်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သော်လည်း မည်သည့်အကြံပြုချက်မျှ ထွက်မလာခဲ့ပေ။ မြန်မာနိုင်ငံရှိ ကဘော်ချိုင့်ဝှမ်းနှင့် ထိစပ်နေသော နယ်စပ်ဒေသကို စစ်ဆေးရန် တာဝန်ပေးအပ်ခြင်းခံရသည့် ထိုနှစ်အတွင်း၌ပင် ဖွဲ့စည်းခဲ့သော နောက်ထပ်ကော်မတီတစ်ခုသည်လည်း မည်သည့်ဖြေရှင်းချက်မျှ မထွက်ပေါ်ဘဲ တူညီသောကံကြမ္မာကို ရင်ဆိုင်ခဲ့ရသည်။
နယ်စပ်တစ်လျှောက်ရှိ အဆိုပါဇုန်အချို့သည် အချိန်အခါအလိုက် အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကမ်ဂျွန်ခရိုင် (Kamjong district) ရှိ ကေအာရှန်ခူလန်အဇေ (K Ashang Khullen Aze) ရွာသားများသည် အိမ်အသစ်များ ဆောက်လုပ်ခြင်းမပြုရန် မြန်မာနိုင်ငံသားများနှင့် တပ်မတော် တာဝန်ရှိသူများ၏ တားမြစ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။ ထိုနှစ်အတွင်းမှာပင် တန်နိုပယ်ခရိုင် (Tengnoupal district) ရှိ နယ်စပ်ရွာတစ်ရွာဖြစ်သော ကွာသာခူနူး (Kwatha Khunou) ရွာသားများက အိန္ဒိယအစိုးရသည် နယ်စပ်မှတ်တိုင်တစ်ခုကို မဏိပူရဘက်ထဲသို့ သုံးကီလိုမီတာခန့် အလျှော့ပေး၍ ရွှေ့ပြောင်းစိုက်ထူခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ ပြည်နယ်အတွင်းရှိ လူထုအခြေပြုအဖွဲ့အစည်းများက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး မြန်မာနိုင်ငံကို မြေနေရာများ မပေးရန် အစိုးရကို သတိပေးခဲ့ကြသည်။
သို့သော်လည်း အစိုးရက အိန္ဒိယပိုင်နက်အတွင်း နယ်စပ်မှတ်တိုင်များ စိုက်ထူထားခြင်း မရှိကြောင်း လွှတ်တော်တွင် ရှင်းလင်းခဲ့ပြီး မြန်မာနိုင်ငံဘက်က မြေသိမ်းယူခွင့်ရသွားသည်ဟူသော ပြောဆိုချက်ကိုလည်း ပယ်ချခဲ့သည်။ ထို့အပြင် အဆိုပါ ထုတ်ပြန်ချက်တွင် နှစ်နိုင်ငံစလုံးသည် အိမ်နီးချင်းနှစ်နိုင်ငံကြား အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ကို သတ်မှတ်ပေးထားသည့် ၁၉၆၇ ခုနှစ် အိန္ဒိယ-မြန်မာ နယ်နိမိတ်သဘောတူညီချက်ကို အပြည့်အဝ လိုက်နာစောင့်ထိန်းလျက်ရှိကြောင်း ဖော်ပြထားသည်။
ယင်းနောက်တွင် မြေယာအငြင်းပွားမှုများမှ ထွက်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းရန် နှစ်နိုင်ငံအစိုးရတို့ ပူးတွဲနယ်စပ်တိုင်းတာမှုတစ်ခု ပြုလုပ်ပြီးစီးခဲ့ပြီးနောက် အရန်နယ်စပ်မှတ်တိုင်များ ဆောက်လုပ်ခြင်းကို စတင်ခဲ့သည်။
ဤဖြစ်စဉ်များရှိနေသော်လည်း အိန္ဒိယအစိုးရက မြန်မာနိုင်ငံနှင့် နယ်စပ်အငြင်းပွားမှု မရှိကြောင်း၊ မဏိပူရနယ်စပ်တစ်လျှောက်တွင် “မဖြေရှင်းရသေးသည့် နယ်စပ်မှတ်တိုင် ကိုးခု” သာ ကျန်ရှိတော့ကြောင်း ဆက်လက်ပြောကြားထားသည်။
အစိုးရအရာရှိတစ်ဦး၏ အပြောအရ ပြီးခဲ့သည့်လက မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း၌လည်း နယ်စပ်ပြဿနာကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ ချန်ဒဲလ်ခရိုင်၊ မိုးလ်ချမ် (Molcham) ရှိ နယ်စပ်မှတ်တိုင် ၆၅ နှင့် ၆၈ ကြားတွင် “အရန်မှတ်တိုင်များ” နှင့် မှတ်တိုင်အသစ်အချို့ စိုက်ထူနိုင်ခြေကို နှစ်နိုင်ငံအစိုးရများ ဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ဆိုသည်။ မိုးလ်ချမ်ရှိ နယ်စပ်မျဉ်းညှိနှိုင်းမှုနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်က နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပြုချက်တစ်ခုကိုလည်း ထည့်သွင်းစဉ်းစားနေသည်။
မဏိပူရနယ်စပ် တိုင်းတာသတ်မှတ်မည့် အစီအစဉ်အသစ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက် သိရှိပိုင်ခွင့်အက်ဥပဒေ (RTI) အရ အစိုးရထံ သတင်းအချက်အလက် တောင်းခံထားသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိသေးပေ။ ပြန်လည်ဖြေကြားချက် ရရှိလာပါက ဤသတင်းတွင် ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
နယ်နိမိတ်ဆိုင်ရာ မဖြေရှင်းနိုင်သေးသည့် ပြဿနာများသည် ရှုပ်ထွေးမှုများကို ပိုမိုမီးမွှေးပေးနိုင်သည်။ ဤအရာသည် မဏိပူရတွင် အတိတ်က အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူးသည်။ မဏိပူရတွင် နယ်စပ်တိုင်းတာသတ်မှတ်ရန် ပြန်လည်ကြိုးပမ်းလာမှုများသည် ပြည်နယ်အတွင်း ဖြစ်ပွားနေဆဲဖြစ်သော လူမျိုးစုပဋိပက္ခများ နောက်ခံနှင့်အတူ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယင်းပြဿနာများသည် အပြန်အလှန် ဆက်နွှယ်နေရုံသာမက နယ်စပ်ဖြတ်ကျော် ဆက်နွှယ်မှုများလည်း ရှိနေသည်။ အစိုးရအနေဖြင့် ဤအစီအစဉ်ကို အငြင်းပွားမှုများ မဖြစ်ပွားစေဘဲ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အကောင်အထည်ဖော်နိုင်မလား ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ထိုသို့ မြန်မာနိုင်ငံဘက်ကို နယ်နိမိတ် စတုရန်းမိုင် ၁ ဒသမ ၄ မိုင်ခန့် မြေပိုပေးပြီး အိန္ဒိယအစိုးရက ခြံစည်းရိုးခတ်ရန် လုပ်ဆောင်နေမှုနှင့် မိမိတို့ဘက်က မည်သည့်မြေနေရာ ပြန်ရမည် မသိရသည့်အပေါ် ဒေသခံပြည်သူများက မိမိတို့ပိုင်နက် လယ်ယာမြေများနှင့် အိုးအိမ်များ ဆုံးရှုံးရမည်ကို စိုးရိမ်သဖြင့် အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။ သို့ဖြစ်ရာ နယ်မြေအလျှော့ပေးပြီး ခြံစည်းရိုးခတ်မည့် ဗဟိုအစိုးရ၏ အကြံအစည်မှာ အမှန်တကယ် အထမြောက်နိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည့် အခြေအနေ ဖြစ်လာနေပြီဖြစ်သည်။
Ref: The Diplomat
