သတိုး
၁၅. ၇. ၂၀၂၆
အိန္ဒိယ-နီပေါနယ်စပ်အနီးတွင် နိုင်ငံကူးလက်မှတ် (ပတ်စပို့) မပါဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အမေရိကန်နိုင်ငံသားတစ်ဦးအား ဗဟိုထောက်လှမ်းရေးအေဂျင်စီများက စစ်ဆေးမေးမြန်းလျက်ရှိကြောင်း အင်္ဂါနေ့ (ဇူလိုင် ၁၄ ရက်) တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည့်အပြင် ဖမ်းမိထားသူနေဖြင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များကို စစ်သင်တန်းပေးသည်ဟု စွပ်စွဲခံထားရသော အမေရိကန်နှင့် ယူကရိန်းနိုင်ငံသားများပါဝင်သော နိုင်ငံခြားသားများအမှုနှင့် ဆက်စပ်မှု ရှိ၊ မရှိကိုလည်း လေ့လာစိစစ်နေကြသည်။
ထို့အပြင် အဖမ်းခံရသူ အမေရိကန်နိုင်ငံသားသည် တရုတ်ပတ်စပို့တစ်ခုကို မည်သို့ရရှိခဲ့သည်ဆိုသည်ကိုလည်း စုံစမ်းစစ်ဆေးသူများက ရှာဖွေဖော်ထုတ်လျက်ရှိသည်။

အသက် ၃၆ နှစ်အရွယ်၊ ကာလီဖိုးနီးယားပြည်နယ်မှ ဂျော်ဒန်ဘရောင်း (Jordan Brown) ဟု အမည်ရသည့် အဆိုပါအမေရိကန်နိုင်ငံသားကို ဇူလိုင် ၁၁ ရက်က နီပေါနိုင်ငံအတွင်းသို့ ဝင်ရောက်ရာ သိုနောလီ (Sonauli) နယ်စပ်ဂိတ်အနီး၊ မဟာရာ့ဂ်ျဂန့်ဂျ် (Maharajganj) ခရိုင်၊ မိုင်နီဝါ (Mainihwa) ဒေသရှိ နယ်စပ်မှတ်တိုင် ၅၁၆ အနီးတွင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (SSB) က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မဟာရာ့ဂ်ျဂန့်ဂျ်ခရိုင် ဒုတိယရဲမှူးကြီး ဆစ်ဒ်ဟာ့ဂ်ျက ပြောကြားခဲ့သည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ စာရွက်စာတမ်းစစ်ဆေးရန် တားဆီးစဉ် ဘရောင်းသည် ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း ဒေသခံရွာသားများ၏ ကူညီမှုဖြင့် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖြစ်စဉ်ကို ဗီဒီယိုမှတ်တမ်း တင်ထားနိုင်ခဲ့သည်။
ရဲတပ်ဖွဲ့သည် ဘရောင်းထံမှ အိန္ဒိယရူပီးငွေ ၃၁,၄၆၀၊ မိုဘိုင်းလ်ဖုန်း နှစ်လုံး၊ နီပေါငွေကြေးများ၊ ဘာသာရေးစာပေများ၊ AI ဘာသာပြန်စက်တစ်လုံး၊ ဒိုင်ယာရီစာအုပ်၊ လက်ပတ်နာရီတစ်လုံးနှင့် တရုတ်ပတ်စပို့တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထောက်လှမ်းရေးအေဂျင်စီများသည် ဘရောင်းအနေဖြင့် တရုတ်ပတ်စပို့ကို မည်သို့ရရှိခဲ့သည်ကို ဖော်ထုတ်ရန် ကြိုးပမ်းနေပြီး ၎င်းစာရွက်စာတမ်းကို မြန်မာနိုင်ငံတွင် ရရှိခဲ့ခြင်း ဖြစ်၊ မဖြစ် အပါအဝင် မြန်မာနိုင်ငံအမှုတွဲနှင့် ဆက်စပ်မှု ရှိ၊ မရှိကို စစ်ဆေးနေသည်။ အဆိုပါ မြန်မာနိုင်ငံအမှုတွဲမှာ ယခင်က ဖမ်းဆီးခံခဲ့ရသည့် မက်သရူး ဗန်ဒိုက် (VanDyke) အမည်ရှိ အမေရိကန်နိုင်ငံသားနှင့် ယူကရိန်းနိုင်ငံသား ခြောက်ဦးတို့ ပါဝင်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံရှိ AA၊ KIA နှင့် ချင်းလက်နက်ကိုင်များကို စစ်သင်တန်းပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမှုဖြစ်သည်။
ရဲတပ်ဖွဲ့သည် တရားဝင်ခရီးသွားစာရွက်စာတမ်းမပါဘဲ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်မှုဖြင့် ဘရောင်းအား သိုနောလီရဲစခန်းတွင် အမှုဖွင့်ထားသည်။ စစ်ဆေးမေးမြန်းစဉ်အတွင်း ဘရောင်းက ၎င်းသည် ထိုင်းနိုင်ငံသို့ ခရီးသွားခဲ့ပြီး ပတ်စပို့ပျောက်ဆုံးသွားခဲ့ကြောင်း၊ ထို့နောက် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိကာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ရေကြောင်းခရီးဖြင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း၊ ဂိုအာ (Goa) ဒေသတွင် နေထိုင်ခဲ့ပြီးနောက် နယ်စပ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
၎င်းသည် အိန္ဒိယနိုင်ငံမှ ယောဂဆရာမတစ်ဦးနှင့် အိမ်ထောင်ကျဖူးကြောင်းနှင့် နီပေါနိုင်ငံတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း ပြောကြားကာ ၎င်း၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ခရီးသွားရသည့် ရည်ရွယ်ချက်အပေါ် ရှေ့နောက်မညီသော ထွက်ဆိုချက်များကို ပေးခဲ့သည်။ ထို့အပြင် ဘရောင်းက ၎င်းသည် ကာလီဖိုးနီးယားတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး အမေရိကန်ရေတပ်တွင် ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းလည်း ပြောကြားခဲ့သည်။ လက်ရှိတွင် ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်သံရုံးသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Ref : New Indian Express
