သတိုး
၁၅. ၇. ၂၀၂၆
အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5-Point Consensus – 5PC) မှတစ်ဆင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန် ကူညီဆောင်ရွက်ပေးမည့် ၎င်းတို့၏ ကတိကဝတ်ကို အင်ဒိုနီးရှားနိုင်ငံက ထပ်လောင်းအတည်ပြုခဲ့သလို ဘန်ကောက်မြို့တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနိုက အားလုံးပါဝင်နိုင်သည့် ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် ဒေသတွင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြောကြားရာတွင် ဝန်ကြီး ဆူဂီအိုနိုက အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်မူဘောင်အတွင်းမှနေ၍ “ပေါင်းကူးတံတားတစ်စင်းအဖြစ် တည်ဆောက်ပေးရန်” အင်ဒိုနီးရှားအနေဖြင့် အဆင်သင့်ရှိကြောင်း ပြောဆိုခဲ့သည်။
“ဘယ်လိုရေရှည်တည်တံ့တဲ့ အဖြေပဲဖြစ်ဖြစ် မြန်မာကိုယ်တိုင် ပိုင်စိုးပြီး မြန်မာကိုယ်တိုင် ဦးဆောင်တဲ့အဖြေ (Myanmar-owned and Myanmar-led) သာ ဖြစ်ရပါလိမ့်မယ်။ ဒါကို အောင်မြင်အောင် ဆောင်ရွက်ဖို့အတွက် အင်ဒိုနီးရှားအနေနဲ့ ပေါင်းကူးတံတား တည်ဆောက်ပေးဖို့ အသင့်ရှိနေပါတယ်” ဟု ဆူဂီအိုနိုက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ယခုနှစ်အစောပိုင်းက အထွေထွေရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း အာဆီယံမူ ၅ ချက်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ရာ၌ ကြီးမားသော စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် သက်ဆိုင်သူအားလုံး ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ် ဖော်ဆောင်ရန်မှာ အဓိက လိုအပ်ချက်အဖြစ် ရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“သက်ဆိုင်သူအားလုံး ပါဝင်တဲ့ အမျိုးသားအဆင့် စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲတစ်ခုကသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ သော့ချက်ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။
အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲများကို မြှင့်တင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဘေးကင်းလုံခြုံပြီး ဘက်လိုက်မှုမရှိဘဲ ပေးအပ်နိုင်ရန်အတွက် အာဆီယံမူ ၅ ချက်သည် အာဆီယံ၏ အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိနေသင့်ကြောင်းလည်း ဆူဂီအိုနိုက ပြောကြားခဲ့သည်။
ထို့အပြင် ဆူဂီအိုနိုက အဆိုပါဘုံသဘောတူညီချက်၅ ချက် အကောင်အထည်ဖော်မှုအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်သုံးသပ်ရန် တောင်းဆိုခဲ့ပြီး၊ သံတမန်ရေးရာ ဆက်လက်လုပ်ဆောင်နိုင်စွမ်းရှိစေရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်၏ သက်တမ်းကို တိုးမြှင့်ပေးရန်လည်း ထောက်ခံပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်သူအသီးသီးနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားရှိစဉ်မှာပင် မြန်မာကိုယ်တိုင်ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်စိုက်မတ်မတ် ထောက်ခံအားပေးလာခဲ့သည်။
ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ယခုအလွတ်သဘောအစည်းအဝေးကို ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံက ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။
ယခုအစည်းအဝေးသည် ပြီးခဲ့သည့် မေလအတွင်းက ဆီဘူးမြို့၌ ပြုလုပ်ခဲ့သော (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဆွေးနွေးပွဲများ၊ မေလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ဝန်ကြီးများအဆင့် ဗီဒီယိုကွန်ဖရင့်အစည်းအဝေးနှင့် ဇွန်လ ၈ ရက်နေ့က ဆူဂီအိုနို၏ နေပြည်တော်ခရီးစဉ်တို့အပြီး နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို သုံးသပ်ခဲ့ကြပြီး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန်အတွက် အာဆီယံ၏ ထပ်မံလုပ်ဆောင်ရမည့် ခြေလှမ်းများကို ဆွေးနွေးခဲ့ကြသည်။
Ref : ANTARA
