၁၅.၇.၂၀၂၆
Translated by Htwe Ko Tun
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ပြင်သစ်ကို ဆီမီးဖိုင်နယ်ပွဲမှာ ၂-၀ နဲ့ အနိုင်ရရှိပြီးတဲ့နောက် စပိန်အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့တဲ့ ပက်ဒရို ပိုရိုက ကမ္ဘာ့ဖလားဗိုလ်လုပွဲကို စပိန်အသင်း ရောက်ရှိခဲ့တာဟာ အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာတာပါပဲလို့ ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ် အသင်း နောက်ခံလူလည်းဖြစ်တဲ့ပိုရိုက “အစကနေ အဆုံးအထိ အသင်းရဲ့ သဘောထားနဲ့ ပတ်သက်ပြီး (ကျွန်တော်) အရမ်းကျေနပ်ပါတယ်။ ကျွန်တော်တို့ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲ ကစားခဲ့တယ်လို့ ထင်ပါတယ်။ ဗိုလ်လုပွဲကို ရောက်ဖို့ ဒီနေ့ ကျွန်တော်တို့ လုပ်ရမှာတွေ အားလုံးကို လုပ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


ဒါ့အပြင် “ပြင်သစ်အသင်းဟာ အသင်းကောင်းတစ်သင်း ဆိုတာ သိပါတယ်၊ အရာအားလုံးကို တကယ်ကောင်းကောင်း လုပ်ဆောင်နေခဲ့တဲ့ အသင်းတစ်သင်းပါ။ ရိုးရိုးသားသားပြောရရင် ဒါက အသင်းရဲ့အောင်မြင်မှုပါ။ ကျွန်တော့်အောင်မြင်မှု မဟုတ်ပါဘူး” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်က အာလင်တန်မြို့ အားကစာကွင်းကို ကိုယ်တိုင်မသွားနိုင်ခဲ့ပေမယ့် မိသားစုနဲ့အတူ ရုပ်မြင်သံကြားက အားပေးနေကြပြီး စပိန်အသင်းဂျာစီတွေ ဝတ်ဆင်ထားတဲ့ စပိန်ဘုရင် IV ဖိလစ်၊ မိဖုရားနဲ့တော်ဝင်မိသားစုကလည်း အုပ်စုလိုက် ပွေ့ဖက်ကြရင်း လက်များကိုမြှောက်ကာ စပိန်အသင်းအောင်မြင်မှုကို ဂုဏ်ပြုခဲ့ကြပါတယ်။

ဒီလိုပါပဲ စပိန်အသင်းရဲ့အောင်မြင်မှုအတွက် ထောင်ပေါင်းများစွာသော စပိန်နိုင်ငံသားတွေက နိုင်ငံအနှံ့အော်ဟစ်ချီတက်ရင်း အောင်ပွဲခံနေကြတာတွေ့ရပါတယ်။ စပိန်ပရိသတ်တွေက သူတို့ အသင်းရဲ့ ကစားပုံကို အလွန်လှပကောင်းမွန်တယ်လို့လည်း ချီးမွမ်းနေကြပါတယ်။
၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ရှားရှားပါးပါးတစ်ကြိမ်သာ ချန်ပီယံဖြစ်ဖူးတဲ့ စပိန် အသင်းအတွက်တော့ ဒီနှစ်ပြိုင်ပွဲမှာ ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်ရနိုင်ဖို့ ဗိုလ်လုပွဲမှာ ဒုတိယဆီမီးဖိုင် နယ်ဖြစ်တဲ့ အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ပွဲက နိုင်တဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
Ref- NBC Palm Springs, HOLA
