၁၅.၇.၂၀၂၆
Written By Thandar
မိသားစု ဒရာမာဇာတ်လမ်းပုံစံ “မီချယ်” ရုပ်ရှင်ဇာတ်ကားကြီးအဖွဲ့သားတွေရဲ့ ကြာဆံကြော် စတုဒိသာအလှူကို ယနေ့ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ကိုးထပ်ကြီးဘုရားမှာပြုလုပ်ခဲ့ပါတယ်။
“ပြီးခဲ့တဲ့ရက်ကလည်း မြန်မာနိုင်ငံ အော်တစ်ဇင်အသင်းကို ကျပ် သိန်း ၁၀၀ အဓိက လှူတာပါ။ ဒီနေ့ကတော့ အစ်မတို့လည်း မင်္ဂလာပိုရှိသွားအောင် ဘုရားလာဖူးတဲ့သူတွေကို ကြာဆံကြော်လှူတာပါ။ ဒီဇာတ်ကားက ချောတို့ပေးတဲ့ အော်တစ်ဇင် Awareness ရဖို့ပေါ့ ရည်ရွယ်ချက်အတိုင်း အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒီကားအတွက် ပီတိတစ်ဝက်ကတော့ ဖြစ်နေပါပြီ”လို့ အကယ်ဒမီ ချောရတနာက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ပုံဖော်ထားကြတဲ့ ဒါရိုက်တာ မယ်မင်းဘုံ၊ အကယ်ဒမီ ချောရတနာနဲ့ ရွှေနဒီရွှေရည်ထုတ်လုပ်ရေးဘက်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီနောက် ဘုရားဖူးလာရောက်ကြသူတွေကို ကြာဆံကြော်ဘူးတွေ စတုဒိသာ ဝေငှလှူဒါန်းခဲ့ကြပါတယ်။
“မီချယ်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇူလိုင်လ၂၄ ရက်နေ့မှစပြီး မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာတစ်ပြိုင်နက်တည်း ပြသမှာဖြစ်ပါတယ်။
#NayToe #ChawYadanar #yadanarbo #SanHtateHtarOo #HsuEaintSan #Chopyone #NyiNanda #EverestMoe #MyanmarMovie #Shwenadishweyi #မီချယ်ရုပ်ရှင် #MichelleMovie #AutismAwareness #MyanmarAutismFilm






