၈. ၇. ၂၀၂၆
Written By Thandar
မြန်မာနိုင်ငံ ဟာသပညာရှင်အစည်းအရုံး (ဗဟို)ကကြီးမှူးကျင်းပတဲ့ (၁၆) ကြိမ်မြောက် အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးဟာသလူရွှင်တော်ကြီးတွေ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက်ရှိ မိဘကျေးဇူးဆပ်ဘုရားဝန်းအတွင်း လူရွှင်တော်ရွာမှာ ကျင်းပခဲ့ပါတယ်။
ယခု ၂၀၂၆ ခုနှစ်မှာတော့ သက်ကြီးဟာသပညာရှင်တွေပူဇော်ကန်တော့ပွဲမှာ သက်ကြီးဟာသပညာရှင်တွေကို ဟာသပညာရှင်ဆု၊ ပရဟိတဆု၊ ဟာသမျိုးဆက်သစ်ဆု၊ ဟာသပညာပံ့ပိုးမှုထူးချွန်ဆုတွေ အပါအဝင် ဂုဏ်ပြုဆုတွေကိုပါ ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ခုလို သက်ကြီးဟာသပညာရှင်တွေကို ပူဇော်ကန်တော့ပွဲမှာဆိုရင် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)ရဲ့ စတုတ္ထအကြိမ်မြောက်ညီလာခံကိုလည်း ကျင်းပခဲ့ပါတယ်။ ဒီလို ကန်တော့ခွင့်ရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ တချို့ သက်ကြီးတွေ မလာနိုင်တာတွေလည်း ရှိပါတယ်။ ခုလိုလာရောက်နိုင်တဲ့ သက်ကြီးဟာသပညာရှင်တွေကို ပူဇော်ကန်တော့ခွင့်ရအောင်လည်း နှစ်စဉ်ကြိုးစားခဲ့ပါတယ်။ ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ တစ်သက်တာသက်ကြီးဟာသပညာရှင်ဆုတွေနဲ့ တခြားဂုဏ်ပြုဆုတွေပါ ပေးအပ်ချီးမြှင့်ခဲ့ တာပါ”လို့ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)ရဲ့ ဥက္ကဋ္ဌ ဦးဒိန်းဒေါင်ကပြောပါတယ်။
အဆိုပါ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်နဲ့ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးမှ အသင်းနာယကကြီးတွေ၊ တာဝန်ရှိသူ အကြီးအကဲတွေ၊ မျိုးဆက်သစ်ဟာသပညာရှင်တွေက တက်ရောက်ခဲ့ပါတယ်။
ကန်တော့ပွဲအတွင်း မျိုးဆက်သစ်အနုပညာရှင်တွေက သက်ကြီးဝါကြီး ဟာသပညာရှင် တစ်ဦးကို ကျပ် ၅ သိန်းစီနဲ့ လှူဒါန်းဖွယ်ရာပစ္စည်းတွေကို ပေးအပ်လှူဒါန်းကန်တော့ခဲ့ကြပါတယ်။ ဒါ့ပြင် ပရဟိတထူးချွန်ဆုကို ပုတုနှင့် ရွှေဒုံသား၊ ဟာသမျိုးဆက်သစ်ဆုကို ကြယ်ပွင့်၊ ဟာသပံ့ပိုးထူးချွန်ဆုကို ငလက်မ၊ ဟာသပညာထူးချွန်ဆုကို မာမီသက်၊ ဟာသပညာဖန်တီးမှုဆုကို သရုပ်ဆောင်ဒါရိုက်တာခင်လှိုင်နဲ့ ဒုတိယဝန်ကြီးက ဟာသတစ်သက်တာဆုရရှိကြသူတို့ကို ဆုများပေးအပ်ချီးမြှင့်တာလည်းဖြစ်ပါတယ်။
#သက်ကြီးဟာသအနုပညာရှင်ကြီးများ #ဒိန်းဒေါင် #ကန်တော့ခံသက်ကြီးဟာသအနုပညာရှင်များ#မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး #သက်ကြီးပူဇော်ပွဲ #ဟာသပညာရှင်များ #မြောက်ဒဂုံ #မိဘကျေးဇူးဆပ်ဘုရား #အနုပညာသတင်း #ဂါရဝပြုပွဲ #ComedianAssociation #Comedy










