၁၀.၇.၂၀၂၆
Written by Linn Eain
မျက်စိရောဂါရှိသူ ညီမဖြစ်သူဆေးကုသရန်နှင့် မိသားစုအကြွေးများရှိ၍ ငွေကြေးလိုအပ်ချက် ရှိနေသည့် အမျိုးသမီးငယ်တစ်ဦးကို စည်းရုံးပြောဆိုကာ တရုတ်ဇနီးမယားအဖြစ် တရုတ်နိုင်ငံသို့ ပို့ဆောင်၍ ငွေကြေးအကျိုးအမြတ်ရယူရန် ဆောင်ရွက်ခဲ့သူ နှစ်ဦးကို လူကုန်ကူးမှုဖြင့် ဇူလိုင် ၇ ရက်က အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ရိုးလေး(ငြိမ်းချမ်း)ကျေးရွာနေ အသက် ၂၁ နှစ်အရွယ် မ—သည် ၂၀၂၅ ခုနှစ်၊ ဇွန်လခန့်က ညီမဖြစ်သူတွင် မျက်စိတိမ်စွဲရောဂါရှိသဖြင့် ရေမန်းဖြင့်ကုသရန် တစ်ရွာထဲနေ မြသန္တာခိုင်ထံတွင် ကုသခဲ့ရာမှ ခင်မင်ရင်းနှီးခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးငယ်မှ မိသားစုအခက်အခဲနှင့် အကြွေးများရှိကြောင်းပြောပြခဲ့ရာ မြသန္တာခိုင်က တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၁၀ဝ ရမည်ဖြစ်ပြီး လမ်းစရိတ်ကုန်ကျခံ ပို့ပေးမည်ဖြစ်ကြောင်း၊ တစ်နှစ်ပေါင်းသင်းနေထိုင်ရမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ရိုးလေး(ငြိမ်းချမ်း)ကျေးရွာနေတွင်ပင် နေထိုင်ကြသည့် မြသန္တာခိုင်နှင့် ခင်မြကျော်တို့ နှစ်ဦးသည် အမျိုးသမီးငယ်၏ နေအိမ်သို့ရောက်ရှိလာပြီး မနန်း (စိစစ်ဆဲ) ဆိုသူကို ငွေကျပ်သိန်း ၁၅၀ ပေးရန်ပြောထားပြီးကြောင်းနှင့် အမျိုးသမီးငယ်၏ဓာတ်ပုံကို မနန်းထံသို့ပို့ခဲ့ကြောင်း၊ အမျိုးသမီးငယ်က ညီမဖြစ်သူ ဆေးကုသရန်အတွက် ခင်မြကျော်ထံမှ ငွေကျပ်ခြောက်သိန်း ထုတ်ယူခဲ့ကြောင်း သိရသည်။
ယင်းနောက် အမျိုးသမီးငယ်သည် ရန်ကုန်မှ မန္တလေးသို့ မြသန္တာခိုင်၊ ခင်မြကျော်တို့နှင့်အတူ သွားရောက်ခဲ့ပြီး မန္တလေးမှ မူဆယ်သို့ တစ်ဦးတည်းသွားရောက်ရန် ၎င်းတို့စီစဉ်ပေးသည့် အငှားယာဉ်ဖြင့် လိုက်ပါလာခဲ့သည်ကို စိစစ်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို ပုသိမ်ကြီးမြို့နယ်၊ အုန်းချောနယ်မြေရဲစခန်းတွင် အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး (ပ)၃၆/၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲဆိုခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်တရားရုံးမှ တရားခံ မြသန္တာခိုင်နှင့် ခင်မြကျော်တို့နှစ်ဦးကို ဇူလိုင် ၇ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
