သက်တံ့
၁၀. ၇. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားကာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ရပြီးနောက်၊ စခန်းများအတွင်း လူဦးရေ ကျပ်ညပ်နေမှုကို လျှော့ချနိုင်ရန်အတွက် မြေနေရာအပို ထပ်မံပေးအပ်ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။
၂၀၁၇ ခုနှစ်က ဘင်္ဂါလီ ARSA အကြမ်းဖက်အဖွဲ့၏ သွေးဆောင်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများ အပါအဝင် ဘင်္ဂါလီဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား (Cox’s Bazar) ရှိ မွန်းကြပ်နေသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရခြင်း ဖြစ်သည်။
ဒုက္ခသည်များသည် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းထားသည့် တောင်စောင်းများပေါ်တွင် ယာယီတဲများဖြင့် နေထိုင်ကြရသဖြင့် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းချိန်တွင် မြေဆီလွှာ မတည်ငြိမ်ဘဲ ပြိုကျလေ့ရှိသည်။
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်း တာဝန်ရှိသူများသည် ကြာသပတေးနေ့တွင် အသံချဲ့စက်များ၊ စေတနာ့ဝန်ထမ်းများနှင့် လူထုခေါင်းဆောင်များ ကွန်ရက်ကို အသုံးပြု၍ အန္တရာယ်ရှိသော နေရာများမှ ပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သော မြေပြိုမှုတစ်ခုသည် ကော့စ်ဘဇားစခန်းရှိ အစ္စလာမ်စာသင်ကျောင်း (မဒရက်ဆာ) တစ်ခုအတွင်းသို့ ပြိုကျသက်ဆင်းခဲ့သဖြင့် ကလေးငယ် ခုနစ်ဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့သည်။
အဆိုပါ စာသင်ကျောင်းမှ ဆရာမတစ်ဦးက မြေပြိုမှုဖြစ်ပွားချိန်တွင် ကျောင်းသားငယ်လေးများသည် စာသင်ရန် ပြင်ဆင်နေကြစဉ် အဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးသွားခဲ့ပြီး အခြေအနေမှာ အလွန်ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ကြောင်း ပြောပြသည်။
“အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျွန်မတို့ကတော့ အပြင်ကို လွတ်အောင် ထွက်နိုင်ခဲ့ပေမဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့သူတွေ အားလုံးကတော့ အပျက်အစီးတွေအောက်မှာ ပိမိသွားခဲ့ပါတယ်” ဟု အစ္စလာမ်ဘာသာရေးကျောင်းတွင် ကုရ်အာန်ကျမ်းစာ သင်ကြားပေးနေသည့် ဆရာမ ဘေဂမ် ဂျဟန် က ပြောခဲ့သလို “အချို့ကတော့ လက်မောင်းတွေ ကျိုးသွားကြပြီး ကျောင်းသူငယ်လေးအချို့ကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
တနင်္လာနေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုအများအပြား ဖြစ်ပွားခဲ့ရာ စခန်းများအတွင်း အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး ဒုက္ခသည် ၄,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကြာသပတေးနေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် UNHCR က စခန်းများအတွင်း ပြင်းထန်စွာ ကျပ်ညပ်နေမှုကို မီးမောင်းထိုးပြထားပြီး မြေနေရာ တိုးချဲ့ပေးရန် ထပ်မံတောင်းဆိုခဲ့သည်။
“ဒီဖြစ်စဉ်တွေက စခန်းတွင်း မြေနေရာကို အထိရောက်ဆုံးအသုံးချနိုင်ရေးနဲ့ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေမှာ မြေနေရာအပို ထပ်မံရရှိရေးအတွက် ဆက်လက်တိုက်တွန်းဖို့ လိုအပ်နေတာကို ပြသနေပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည့်အပြင် “မြေနေရာအပို ရရှိမယ်ဆိုရင် အန္တရာယ်ကြီးမားတဲ့ ဒေသတွေကနေ ဘေးကင်းရာကို ပိုမိုရွှေ့ပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်”ဟုလည်း ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ UNHCR အရာရှိ မစ္စတာ အီဗို ဖရိုက်ဆင် (Ivo Freijsen) က ဘင်္ဂါလီဒုက္ခသည်များ ရင်ဆိုင်နေရသည့် အန္တရာယ်အများစုမှာ ကြိုတင်မမြင်နိုင်သည့်ဖြစ်ရပ်မျိုး မဟုတ်သလို၊ မရှောင်လွှဲနိုင်ငည့် ဖြစ်ရပ်မျိုးလည်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထို့အတွက် မြေနေရာမလုံလောက်မှုနှင့် ရန်ပုံငွေ ပြတ်လပ်မှုများကြောင့် အလွန်အမင်း ကျပ်ညပ်ပြီး အန္တရာယ်ရှိသော နေရာများကို လူဦးရေလျှော့ချရန်နှင့် ပိုမိုဘေးကင်းသော အခြေခံအဆောက်အအုံများ စီစဉ်ပေးရန် အခွင့်အလမ်းများကို အကန့်အသတ်ဖြစ်စေကြောင်း ၎င်းက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကမူ ၎င်းတို့အနေဖြင့် ဝန်ထုပ်ဝန်ပိုး အလွန်ကြီးမားနေပြီဖြစ်ကြောင်း ပြောကြားထားပြီး ဘင်္ဂါလီများ ၎င်းတို့၏ဇာတိမြေသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်အခြေချနိုင်ရေးအတွက် ဆက်လက်တောင်းဆိုထားသည်။
Ref : Saudi Gazette
