သက်တံ့
၁၀. ၇. ၂၀၂၆
ထိုင်းနိုင်ငံ နခွန်စီသမာရတ်ပြည်နယ်တွင် မူးယစ်ဆေးစွဲနေသော ဖခင်ဖြစ်သူ၏ နှိပ်စက်ညှင်းပန်းမှုများမှ လွတ်မြောက်လိုသဖြင့် ပင်လယ်ထဲသို့ လမ်းလျှောက်ဝင်ကာ မိမိကိုယ်ကိုယ်သတ်သေရန် ကြိုးပမ်းခဲ့သည့် ကလေးငယ် ၃ ဦးအား ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့က ခနွန် (Khanom) ခရိုင်ရှိ ကမ်းခြေတစ်ခုတွင် အသက် ၁၈ နှစ်အောက် မောင်နှမ ၃ ဦး ပင်လယ်ထဲသို့ အတူတကွ လမ်းလျှောက်ဝင်သွားသည်ကို တွေ့ရှိခဲ့သည့် မျက်မြင်သက်သေများက ချက်ချင်းဝင်ရောက်တားဆီးကာ ကလေးငယ်များ ဒဏ်ရာရရှိမှုမရှိစေဘဲ ကုန်းပေါ်သို့ ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
မျက်မြင်သက်သေများ၏ ပြောပြချက်အရ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် စိတ်ကျန်းမာရေး ဝေဒနာ ခံစားနေရသည့် ဖခင်ဖြစ်သူက ၎င်းတို့အား အကြိမ်ကြိမ် ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ကလေးငယ်များက ဖွင့်ဟတိုင်တည်ခဲ့ကြသည်။ ထို့အပြင် ဖခင်ဖြစ်သူသည် ၎င်းတို့အား လမ်းပေါ်တွင် လိုက်လံပိုက်ဆံတောင်းခိုင်းပြီး ရရှိလာသည့် အလှူငွေများကို မူးယစ်ဆေးဝါးဝယ်ယူရန် အသုံးပြုခဲ့ကြောင်းလည်း ၎င်းတို့က ဆိုသည်။
ယင်းဖြစ်စဉ်ကို လွှတ်တော်အမတ် မစ္စ ပင်ဖတ်ထရာ ဝီချိုင်ကူးလ် (Pimphattra Wichaikun) ထံ အကြောင်းကြားခဲ့သဖြင့် ၎င်းက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ ကလေးငယ်များ၏ လူမှုစီးပွားဘဝနှင့် သာယာဝပြောရေးကို ဆန်းစစ်ရန် ကလေးငယ်များ၏ နေအိမ်သို့ သွားရောက်ခဲ့ကြသည်။
တာဝန်ရှိသူများသည် ကလေးငယ်များ၏ အဘိုးအဘွားများနှင့် တွေ့ဆုံခဲ့သလို စိတ်ဖောက်ပြန် အကြမ်းဖက်ရန် ကြိုးပမ်းမှုကြောင့် ဖခင်ဖြစ်သူအား လတ်တလောတွင် ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

အဘိုးအဘွားများ၏ ပြောပြချက်အရ အဆိုပါအမျိုးသားသည် ၎င်းတို့နှင့် ကလေးငယ်များကို အကြိမ်ကြိမ် နှိပ်စက်ခဲ့သည့်အပြင် လာရောက်ဖြန်ဖြေပေးသည့် အိမ်နီးနားချင်းများနှင့် ဒေသခံများကိုပါ ရန်မူစော်ကားခဲ့ကြောင်း သိရသည်။ ကလေးငယ်များ၏ မိခင်ဖြစ်သူမှာလည်း မိမိ၏ လုံခြုံရေးအတွက် စိုးရိမ်သဖြင့် ယခင်ကတည်းက နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
ကလေးငယ်များက ၎င်းတို့၏ ဖခင်ဖြစ်သူသည် လာမည့် ၁၀ ရက်အတွင်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာတော့မည်ဖြစ်သဖြင့် ၎င်းတို့အပေါ် နှိပ်စက်မှုများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။
တာဝန်ရှိသူများကမူ ကလေးငယ်များ ရေရှည်ကာကွယ်စောင့်ရှောက်မှု ရရှိစေရန်၊ ကျောင်းပြန်တက်နိုင်ရန်နှင့် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရန်အတွက် ရေရှည်စီမံချက်များ ပူးပေါင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ကလေးသူငယ်များအား အမြတ်ထုတ်မှု (Child exploitation) နှင့် ကိုယ်ထိလက်ရောက် နှိပ်စက်ညှင်းပန်းမှု စသည့် ပြစ်မှုများဖြင့် ဖခင်ဖြစ်သူအပေါ် ထပ်မံတရားစွဲဆိုနိုင်ခြင်း ရှိ၊ မရှိကိုလည်း အာဏာပိုင်များက စစ်ဆေးသွားမည်ဖြစ်သည်။
ကလေးငယ်များ၏ အဘိုးဖြစ်သူကမူ ၎င်း၏သားဖြစ်သူ လွတ်မြောက်လာပါက မိသားစုဝင်များနှင့် လူထုအဖွဲ့အစည်းအပေါ် ထပ်မံအကြမ်းဖက်လာမည်ကို စိုးရိမ်သဖြင့် ရဲတပ်ဖွဲ့အနေဖြင့် ၎င်းအား ကာလရှည်ကြာ ဆက်လက်ထိန်းသိမ်းပေးထားရန် တောင်းဆိုထားသည်။ ရဲတပ်ဖွဲ့ဘက်ကမူ ဤဖမ်းဆီးထိန်းသိမ်းမှု သို့မဟုတ် ထပ်မံတရားစွဲဆိုမည့် အခြေအနေများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
Ref : Thaiger
