


၁၈.၄.၂၀၂၅
Written by Hey Mar
ဧရာဝတီတိုင်းဒေသကြီး ဇလွန် – ဓနုဖြူ အစပ် ဖက်တောင်ကွေ့မှာ တွဲကား၊ ခရီးသည်တင်ယာဉ်နဲ့၊ အိမ်စီးယာဉ်ငယ် သုံးစီးဆင့်တိုက်မိပြီး လူ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ လေးဦးမှာ စိုးရိမ်ရ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဇလွန်အခြေစိုက် ယသလုလင် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ ဧပြီ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ပြီး ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ တွဲကားက ဖက်တောင်ကွေ့အရောက် တစ်ဖက်ယာဉ်ကြောပေါ် ခေါင်းတင်ကာ ကွေ့နေစဉ် ရန်ကုန်ဘက်ကနေ မောင်းနှင်လာတဲ့ ချယ်ရီ ခရီးသည်တင်ယာဉ်က တွဲကားကို ခါးလည်ကနေဖြတ်မိပြီး သူ့နောက်က ကပ်လျက်ပါလာတဲ့ အိမ်စီးဟွန်ဒါဖစ် ယာဉ်ငယ်က ခရီးသည်တင်ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့တာလို့ သိရပါတယ်။ တိုက်မိတဲ့ အရှိန်ကြောင့် ချယ်ရီ ခရီးသည်တင်ယာဉ်မှာ လမ်းဘေးချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့ကာ ယာဉ်ပေါ်ပါသူ ခရီးသည်တွေအနက် ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးရှိပြီး ပြင်းထန်ဒဏ်ရာရရှိသူ သုံးဦးရှိတယ်လို့ သိရပါတယ်။
ယသလုလင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက”လူနာများတော့ လာရောက်ကူညီကြတဲ့ အသင်းတွေလည်းများပါတယ်။ ဇလွန်ဘက်ကဆို ကျွန်တော်တို့ အသင်းရော စိမ့်စမ်းရေနဲ့ သစ္စာရှင် လူမှုကူညီရေးအသင်းနဲ့ ဇလွန်က အသင်းတွေရော၊ ဓနုဖြူက အသင်းတွေရော လာကြပါတယ်။ ကျွန်တော်တို့အသင်းက ခြေလက်ထိခိုက်လူနာ သုံးဦး သယ်လာပေးပြီး ဇလွန်ဆေးရုံဆီ ပို့ပေးခဲ့တယ်။ နောက်တော့ ချယ်ရီယာဉ်ပေါ်က ပြင်းထန် ဏ်ရာရတဲ့ အမျိုးသမီးလူနာကို ဟင်္သာတဆေးရုံကိုလွှဲပေးလို့ သွားထပ်ပို့ပေးရတယ်။ အသေအပျောက်တော့ မကြားမိသေးပါဘူး” လို့ MT News ကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ပြင်းထန်လို့ ဆေးရုံလွှဲပြောင်းတင်ပို့ရတဲ့ အမျိုးသမီးက ညာမျက်စိ ပေါက်ထွက် ဒဏ်ရာရရှိထားပြီး သတိမလည်ဘူးလို့လည်း သိရပါတယ်။
“အိမ်စီးယာဉ်ငယ်ပေါ်က သိပ်မထိဘူး။ ကံကောင်းတယ်။ တွဲကားကလည်း ယာဉ်တိုက်တဲ့အရှိန်နဲ့ လမ်းဘေးသစ်ပင်ဝင်တိုက်ထားတော့ ယာဉ်မောင်းက ခြေထောက်နှစ်ဖက်လုံး သွင်သွင်ကျိုးထားတယ်။ အခြေအနေတော့ ကောင်းပါတယ်” လို့ ယသလုလင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက နောက်ဆက်တွဲ အခြေအနေကိုလည်း ဆက်လက်ပြောပြပါတယ်။