၈.၄.၂၀၂၅
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရဲ့ အမှတ် (၁၇) အုပ်ချုပ်ရေးနယ်မြေမှာရှိတဲ့ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုနိုင်ရေး ထုတ်လုပ်တဲ့စက်ရုံတစ်ခုမှာ ဧပြီလ ၇ ရက်က ကြီးမားလှတဲ့ မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ခဲ့ရာမှာ မီးခိုးမည်းတွေ ကောင်းကင်ကို ထူထပ်စွာတက်လာခဲ့ပြီး မြို့တော်ရဲ့ မိုးကောင်းကင်တစ်ခွင်လုံးမှာလည်း တိမ်ထုက မဲမှောင်သွားခဲ့တာ တွေ့ကြရတယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုက အီတလီဗိသုကာပညာရှင် ရန်ဇို ပီယာနို ဒီဇိုင်းရေးဆွဲတဲ့ တရားရုံးတစ်ခုအသစ်အနီးမှာဖြစ်ပြီး ပါရီမြို့ရဲ့အကြီးမားဆုံး စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုနိုင်ရေး ထုတ်လုပ်တဲ့စက်ရုံမှာလောင်ကျွမ်းတဲ့ မီးကို မီးသတ်သမားပေါင်းများစွာက ငြှိမ်းသတ်နိုင်ရေး ကြိုးစားခဲ့ကြရတာကို တွေ့ရပါတယ်။ ကောင်းကင်ကို မီးခိုးလုံးကြီးတွေ တစ်လုံးပြီးတစ်လုံးတက်လာတာနဲအမျှ အာဏာပိုင်တွေကလည်း ပြည်သူတွေကို မီးလောင်ကျွမ်းမှုမှ ဝေးရာမှာနေထိုင်ကြဖို့ ပြောကြား တိုက်တွန်းနေကြပါတယ်။
မီးသတ်တပ်ဖွဲ့က မီးလောင်ကျွမ်းမှုကို မီးသတ်ကား ၆၀ ခန့်နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ခန့်တို့နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကကြီးမားပေမယ့် မီးဘေးကြောင့် သေကြေဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။
ဧပြီလ ၇ ရက်ညမှာ ပါရီမြို့ရဲ့ကောင်းကင်ယံကို မီးခိုးလုံးကြီးတွေမြင့်တက်လာတဲ့အထိ မီးကပြင်းထန်လာတာကြောင့် မီးလောင်စက်ရုံဆီ မီးသတ်ကားတွေ အလျင်အမြန်ရောက်နိုင်ဖို့ အဓိကမြို့ပတ်လမ်းကို အာဏာပိုင်တွေက ပိတ်ခဲ့ရပါတယ်။
မီးကြောင့် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုနိုင်ရေး ထုတ်လုပ်တဲ့စက်ရုံကတော့ လုံးဝနီးပါးပျက်စီးခဲ့ရ တယ်လို့ မြို့တော်ဝန်က ပြောခဲ့ပါတယ်။ ဒါပေမယ့် အဆောက်အအုံထဲမှာရှိနေတဲ့ ဝန်ထမ်းတွေကိုတော့ အားလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
မြို့တော်ဝန်က မီးစတင်လောင်တုန်းမှာ မြေအောက်ခန်းမှာရှိတဲ့ စွန့်ပစ်ပစ္စည်းပြန်လည်ထုတ်လုပ်ရေးဇုံမှာ အလုပ်သမား ၃၁ ဦးရှိနေကြပြီး မီးလောင်ကျွမ်းဖို့ အလွယ်ကူဆုံးပစ္စည်းတွေက အဲဒီနေရာမှာရှိနေကြတယ်လို့လည်း ပြောခဲ့ပါတယ်။
ဒီစက်ရုံက ၂၀၁၉ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး ပါရီမြို့နေထိုင်သူ တစ်သန်းနီးပါးထံက အိမ်ထောင်စု စွန့်ပစ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ဖို့ ပုံစံရေးဆွဲတည်ဆောက်ခဲ့တာပါ။
Ref-France 24



