၈. ၄. ၂၀၂၅
Translated by Thettant
အိမ်နီးချင်းမြန်မာနိုင်ငံဘက်ခြမ်းကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို တရားမဝင် ဖြတ်သန်းဝင်ရောက်လာတဲ့ တရုတ်ကျားဖြန့် အွန်လိုင်း လိမ်လည်လှည်ဖြားမှုလုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေကြသူ တရုတ်နိုင်ငံသား ၇ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်အတွင်းက ဘန်ရိုင်ဒွန်ချိုင်ကျေးရွာအနီး သစ်တောဧရိယာမှာ တရုတ်နိုင်ငံသား ခုနစ်ယောက်ကို ရာချမနူတပ်ဖွဲ့က မနေ့က ဧပြီလ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းမိ တရုတ်ကျားဖြန့်လုပ်သားတွေက အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်းသာ ရှိသေးပြီး သူတို့က မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့က သူတို့ရဲ့ အလုပ်ခွင်မှာ လျှပ်စစ်မီးနဲ့ လေအေးပေးစက်တွေ ဖြတ်တောက်ခံရပြီးနောက်မှာ မခံမရပ်နိုင်တဲ့ အခြေအနေများစွာ ဖြစ်ပေါ်လာလို့ ထွက်ပြေးခဲ့တာလို့လည်း ကနဦးထွက်ဆိုထားကြပါတယ်။
သူတို့ဆီမှာ ပတ်စ်ပို့ ဒါမှမဟုတ် ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကိုယ်ပိုင်အထောက်အထားနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတစ်ခုမှလည်း ပါဝင်လာခဲ့မှုမရှိတာကြောင့် လက်ရှိမှာတော့ ဖမ်းမိကျားဖြန့်ဂိုဏ်းဝင်တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုနဲ့ တက်ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းထားတယ်လို့ သိရပါတယ်။
