၈. ၄. ၂၀၂၅
Written by Thettant
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံနှင့် အနီးအနားဒေသတဝိုက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် စပ်လျဥ်း၍ ဥရောပကော်မရှင်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီ နောက်ထပ် ယူရို ၁၀ သန်းကို ထပ်ဆောင်းပံ့ပိုးလိုက်သည်။
ဤရန်ပုံငွေသည် အရေးပေါ် အမိုးအကာ၊ ဆေးဝါးကုသရေး၊ ရေသန့်နှင့် မိလ္လာသန့်ရှင်းရေးဝန်ဆောင်မှုများ အပါအဝင် မိသားစုခြေရာခံခြင်းနှင့် ပြန်လည်ပေါင်းစည်းခြင်းတို့ကို ပံ့ပိုးပေးမည်ဖြစ်သည်။


ဤရန်ပုံငွေကြောင့် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်အတွက် ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ စုစုပေါင်း ယူရို ၁၃ သန်းအထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလျာထားချက် ယူရို ၄၆ သန်း၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
ကြိုတင်ပြင်ဆင်မှု၊ အရေးပေါ်စီမံခန့်ခွဲမှုနှင့် ညီမျှခြင်းရေးရာ ဥရောပကော်မရှင်နာ ဟာဂျာလာဘစ်က “ဥရောပသမဂ္ဂသည် ဤကြေကွဲဝမ်းနည်းဖွယ်ကောင်းသော ငလျင်အပြီးတွင် မြန်မာနိုင်ငံသားများနှင့် တစ်သားတည်း မြဲမြံစွာ ဆက်လက်ရပ်တည်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ငလျင်ဒဏ်သင့် လိုအပ်နေသောသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးရောက်ရှိနိုင်စေရန် ဦးစားပေးကာ သေချာဆောင်ရွက်နေပါသည်။ အသက်ကယ်အကူအညီအထောက်အပံ့များကို ဘေးကင်းစွာဖြင့် ထိထိရောက်ရောက်ပေးနိုင်စေရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို အတားအဆီးမရှိ ဝင်ရောက်ထောက်ပံ့ခွင့်ပြုရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအား ကျွန်ုပ်တို့ ထပ်မံတိုက်တွန်းလိုက်ပါသည်။” ဟု ပြောသည်။


ထို့အတူ ဥရောပနိုင်ငံသား ကျွမ်းကျင်ပညာရှင် ၁၂ ဦးပါဝင်သည့်အဖွဲ့နှင့် အီးယူမှ ဆက်သွယ်ရေးအရာရှိနှစ်ဦးတို့သည် လူသားချင်းစာနာထောက်ထားမှုမိတ်ဖက်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများမြှင့်တင်ရန် လက်ရှိမြေပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ အီးယူသည် ပထမဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းအဖြစ် ကိုပင်ဟေဂင်မှ ရန်ကုန်သို့ အီးယူပိုင်အရေးကြီးသောပစ္စည်း ၈၀ တန်ကို သယ်ဆောင်လာခဲ့ပြီး ယခုအခါ UNICEF မှ မြေပြင်ပေါ်တွင် ဖြန့်ဖြူးပေးနေသည်။ ယင်းအပြင် အီးယူ၏ အရေးပေါ်တုံ့ပြန်ရေးညှိနှိုင်းမှုစင်တာသည် Copernicus အရေးပေါ်စီမံခန့်ခွဲမှုဝန်ဆောင်မှုတစ်ဆင့် ဆန်းစစ်လေ့လာပြီး သိပ္ပံနည်းကျစွမ်းရည်များဖြင့် ဝေးလံသောနေရာများမှ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို အကဲဖြတ်ရာတွင် ပံ့ပိုးကူညီလျက်ရှိသည်။
အထက်ပါအချက်များအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ ဘေးကင်းလုံခြုံစွာနှင့် ကန့်သတ်မှုမရှိဝင်ရောက်နိုင်ရေးကို အာမခံချက်ပေးရန်မှာ အဓိကဦးစားပေးရမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို အပြည့်အဝလေးစားလိုက်နာရန်နှင့် ပြည်သူများနှင့် အကူအညီပေးသူများကို ကာကွယ်ရန်အတွက် လိုအပ်သောအစီအမံအားလုံးကို ဆောင်ရွက်ရန် တိုက်တွန်းလိုက်ကြောင်းလည်း ဥရောပကော်မရှင်က ဖော်ပြထားသည်။
