MT News
Written by Nay Moe
ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ခမရ ၁၀၆ မြေကို NUG သိမ်းယူရန်စိတ်ကူးပြီး တည်ဆောက်မည်ဆိုသည့် ကွန်ဒိုအခန်းများ စတင်ရောင်းချပြီး အချိန် ၁၂ နာရီအတွင်း တိုက်ခန်းများ၏ ၉၆ ရာခိုင်နှုန်းဝယ်ယူကြကာ ဒေါ်လာ ၁၀ ဒသမ ၀၉ သန်းဖိုး ရောင်းချနိုင်ခဲ့သည်ဟု NUG ၏ The End of Dictatorship က ယမန်နေ့က ကြေညာသည်။
အဆိုပါ စီမံကိန်းအမည်ကို ရဲရင့်နွေဦးဟု အမည်ပေးထားပြီး NUG ၏ စီမံဘဏ္ဍာဝန်ကြီးဌာနလက်အောက်ခံ EOD ၏ ၂၀၂၃ စီမံကိန်းများထဲမှ ပထမဆုံး စီမံကိန်း ဖြစ်သည်။
အချက်အခြာကျသော မြေနေရာဖြစ်သည့်အတွက် တော်လှန်ရေးကာလအလွန်တွင် စီးပွားရေး အဆင့်မြင့် အဆောက်အဦများ၊ ဟိုတယ်၊ စီးပွားရေးစင်တာ စသည်များကို ဆက်စပ်ဖော်ဆောင်သွားမည်ဖြစ်ပြီး ဆက်လက် ဖော်ဆောင်ပေးမည့် Innya Walk နှင့်လည်း ဆက်စပ်တည်ရှိနေသော နေရာဖြစ်သည်။
မူလက ကွန်ဒိုအခန်းပေါင်း ၈၅၀ ရောင်းချပေးမည်ဟုဆိုပြီး လိုအပ်ချက်အရဟုဆိုကာ ကွန်ဒိုအခန်း ၇၇၀ သာ ပြောင်းလဲရောင်းချသည့် အဆိုပါတိုက်ခန်းများတွင် Studio တစ်ခန်း ဒေါ်လာ ၁၈၇၅၀ (ကျပ် ၅၈၉ သိန်းခန့်၊ 1-Bedroom တစ်ခန်း ဒေါ်လာ ၂၄၀၀၀ (ကျပ် ၆၈၈ သိန်းခန့်) ၊ 2-Bedroom တစ်ခန်း ဒေါ်လာ ၃၁၅၀၀ (ကျပ် ၉၀၅ သိန်းခန့်) နှင့် 3-Bedroom တစ်ခန်း ဒေါ်လာ ၄၀၅၀၀ (ကျပ် ၁၁၆၂ သိန်းခန့်) ဟူ၍ အခန်း အမျိုးအစား ၄ မျိုး ပါရှိမည်ဟုဆိုပြီး ကနဦးဝယ်ယူမှု ၄၀ ရာခိုင်နှုန်းပေးချေရမည်ဖြစ်ကာ ကျန်ငွေကို သုံးလအတွင်းပေးသွင်းရမည်ဖြစ်သည်။
အဆိုပါကွန်ဒိုကို Swimming pool, Indoor Gym, Playground, Walking Path, Backyard Garden, BBQ pits, Car Parking စသည့် ကွန်ဒိုတခုတွင် ပါဝင်ရမည်များ ပြည့်စုံစွာ စီမံချက်ချထားသည်ဟုဆိုသော်လည်း EOD က ရောင်းချမည့်စီမံကိန်းများသည် တော်လှန်ရေးအောင်မြင်မှသာ ရရှိမည်ဖြစ်သည့်အပြင် အဆိုပါနေရာတွင် တစ်ထစ်ချရရှိမည်ဟုလည်း အာမခံပေးထားမှုမရှိကြောင်းလည်း EOD စည်းမျဉ်းများအရ သိရသည်။
