
၃၀.၃.၂၀၂၅
Written By Thandar
မင်းသမီး မျိုးစန္ဒီကျော်တို့ရဲ့ Indra Film Production က ထုတ်လုပ်တဲ့ “သူတော်တစ္ဆေ “ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ကို လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ငလျင်ဒဏ်ကြောင့် တစ်တိုင်းပြည်လုံး စိုးရိမ်သောကနဲ့ ဝမ်းနည်းပူဆွေးနေချိန်မို့ ထပ်တူကြေကွဲဝမ်းနည်းစွာနဲ့ ဖျက်သိမ်းလိုက်သလို ရုံတင်ပြသချိန် ရရှိလာတဲ့ငွေ ကြေးကို ပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
“အမတို့ Indra Film Production က ရိုက်ကူးပြသမယ့် သူတော်တစ္ဆေရုပ်ရှင်ဇာတ်ကားရဲ့ Red Carpet Show ကို ဧပြီ ၁ ရက်မှာ ကျင်းပဖို့ လျာထားခဲ့တာပါ။ ဒါပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ တစ်ပြည်လုံးက ငလျင်ဒဏ်ကြောင့် လူတိုင်းဝမ်းနည်းပူဆွေးနေရတယ်။ ဒီအတွက်လည်း တကယ်ကို ထပ်တူဝမ်းနည်းရပါတယ်။ ဒါကြောင့် အမတို့အနေနဲ့ ရုံတင်ပြသရက်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။ ရုံတင်ပြသချိန်မှာ ရရှိလာတဲ့ငွေကြေးတွေကိုလည်း ငလျင်ဒဏ်သင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေအနေနဲ့ လှူဒါန်းသွားမှာပါ”လို့ သရုပ်ဆောင် မျိုးစန္ဒီကျော်က ပြောပါတယ်။
အဆိုပါ Indra Film Production က ထုတ်လုပ်ရိုက်ကူးပြီး ဇာတ်ညွှန်း၊ စီစဉ်သူ အောင်ကြီး၊ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ရိုက်ကူးတဲ့ “သူတော်တစ္ဆေ “ရုပ်ရှင်ဇာတ်ကားကို လာမယ့် ဧပြီ ၁ ရက်မှာ ပြသမယ့် Red Carpet Show ကို ဖျက်သိမ်းလိုက်တဲ့အပြင် ပထမ ရုံတင်ရက်ကိုလည်း ရုံကသတ်မှတ်စီစဥ်ပေးတဲ့အတိုင်း မြန်မာသင်္ကြန်နှစ်သစ်ကူး နှစ်ဆန်း တစ်ရက်အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။