MT News
Written by Ye Kyaw
ကမ္ဘာ့ရွှေဈေးဆက်လက်မြင့်တက်၍ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ ရည်ညွှန်းရွှေဈေးနှုန်း ကျပ် ၂,၂၇၆,၀၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ရကာ ယခုတစ်ပတ်အတွင်း ပြင်ပရွှေးဈေးကွက်တွင်လည်း ရွှေစျေးမှာ ကျပ် ၂၈ သိန်းအောက်သို့ တစ်ရက်သာကျဆင်းမှုရှိပြီး ယနေ့တွင် ကျပ် ၂၈ သိန်းကျော်တွင် ဆက်လက်မြင့်တက်နေကြောင်း သိရသည်။
ဇန်နဝါရီ ၂၀ ရက် (သောကြာနေ့)တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ သတ်မှတ်သည့် ရည်ညွှန်းရွှေဈေးနှုန်းမှာ ဇန်နဝါရီ ၁၆ ရက်နေ့ (တနင်္လာနေ့)နှင့် နှိုင်းယှဥ်ပါက ငါးရက်အတွင်း ကျပ် ၁၆,၀၀၀ ကျော် တိုးမြှင့်သတ်မှတ်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါ ငါးရက်အတွင်း ကမ္ဘာ့ရွှေဈေးမှာလည်း ရွှေတစ်အောင်စလျှင် ၁၅ ဒေါ်လာအထိ ဆက်လက်မြင့်တက်လာခဲ့ကာ ယနေ့တွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁,၉၃၂ အထိ ရှိလာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဇန်နဝါရီ ၁၈ ရက်တွင် ပြင်ပရွှေဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၇၇၀,၀၀၀ သို့ ကျဆင်းခဲ့သော်လည်း ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းတွင်မူ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၈ သိန်းကျော်သို့ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ယခုတစ်ပတ် ငါးရက်အတွင်း ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးနှုန်း သိသိသာသာပြောင်းလဲမရှိခဲ့ဘဲ ဇန်နဝါရီ ၂၀ ရက်တွင် ပြင်ပဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ၂,၈၅၅ ကျပ် ရှိကြောင်း ဒေါ်လာရောင်းဝယ်သူများထံမှ သိရသည်။
ပြင်ပဈေးကွက်တွင် ပြီးခဲ့သည့် ငါးရက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဇန်နဝါရီ ၁၆ ရက်တွင် ရွှေဈေးနှုန်း ၂,၈၂၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၀ ကျပ်၊ ဇန်နဝါရီ ၁၇ ရက်တွင် (ညနေပိုင်း) ရွှေဈေးနှုန်း ၂,၇၇,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၀ ကျပ်၊ ဇန်နဝါရီ ၁၈ ရက်တွင် ရွှေဈေးနှုန်း ၂,၇၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၀ ကျပ်၊ ဇန်နဝါရီ ၁၉ ရက်တွင် ရွှေဈေးနှုန်း ၂,၈၁၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၀ ကျပ် ရှိခဲ့ကြောင်း သိရသည်။
