
ဆိုင်ခန်းခ တိုးမြှင့်မှုကြောင့် ပိတ်ထားသော ဆိုင်ခန်းအချို့ တွေ့ရစဥ်
MT News
Written by Naing Thuta
မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး ဘဏ္ဍာတော်ပိုင်ဆိုင်ခန်းများအား ဂေါပကအဖွဲ့မှ အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် ဆိုင်ခန်းတော်တော်များများ ယမန်နေ့နံနက်ပိုင်းက စတင်၍ပိတ်ထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဇန်နဝါရီ ၁၉ ရက် နံနက် ၅ နာရီမှစတင်၍ မဟာမုနိဘုရားကြီးရှိ ဘဏ္ဍာတော်ပိုင် ဈေးဆိုင်ခန်းများအား ဂေါပကအဖွဲ့မှ ဆိုင်ခန်းခွန်များ တိုးမြှင့်ကောက်ခံမှုကြောင့် စောင်းတန်း ၄ သွယ်ရှိ ဆိုင်ခန်း ၄၂၃ ခန်းအနက် ၆၇ ခန်းသာဖွင့်ပြီး ၃၅၆ ခန်းသော ဆိုင်ခန်းရှင်များမှ ဆိုင်ခွန် ပေးဆောင်နိုင်ခြင်း မရှိ၍ ဆိုင်ခန်းများပိတ်ကာ ဂေါပကအဖွဲ့အား ဆန္ဒပြသည့် အသွင်ဖြင့် ပြုလုပ်ထားကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆိုင်ခန်းခွန်တွေတိုးကောက်မယ်လို့ စာတွေပို့ပေးတယ်။ အခုကာလက ဘုရားဖူးတဲ့သူတွေလည်းအရမ်းနည်းတော့ စျေးကရောင်းမကောင်းဘူး။ အခုလိုတိုးကောက်တော့ စျေးသည်တွေလည်းအဆင်မပြေကြလို့သာ ခုလိုဆိုင်တွေပိတ်ထားကြတာပါ”ဟု ဘုရားစျေးသည်တစ်ဦးက ဆိုသည်။
ဆိုင်ခွန်တိုးမြှင့်ကောက်ခံသည့် ဆိုင်ခန်းမှ ၆၈၆ ခန်းဖြစ်ပြီး ယခင်က တစ်လလျှင် ၂၂၀၀၀ ကျပ် ဆောင်ရသည့်ဆိုင်ခန်းအား ၄၀၀၀၀ ကျပ် သတ်မှတ်ထားကာ ၁၈၀၀၀ ကျပ် ဆောင်ရသည့်ဆိုင်ခန်းများအား ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀ ကျပ်အထိလည်းကောင်း တိုးမြှင့်ကောက်ခံရန်သတ်မှတ်ခဲ့သဖြင့် ဆိုင်ခန်းပိုင်ရှင်အချို့မှ ကျေနပ်မှုမရှိခဲ့ကြသောကြောင့် ဂေါပကအဖွဲ့နှင့် ဆိုင်ရှင်များ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ကြသော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း သိရသည်။
” ဒီနေ့လည်း ဆိုင်ရှင်တွေနဲ့ ဝန်ကြီးချုပ်တို့ တွေ့ဆုံရမယ်လို့ခေါ်ထားပြီးကာမှ မတွေ့ရဘဲ အစီစဉ်ပျက်သွားတယ်”ဟု ဆက်လက်ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။
ထိုဆိုင်ခန်းခွန်များတိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဆိုင်ခန်းရှင်များနှင့် မဟာမုနိဘုရားကြီး ဗုဒ္ဓဝင်ပြခန်း၌ တွေ့ဆုံရန် စီစဉ်ထားသော် လည်း အစီအစဥ်ပျက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်ခွန်များ တိုးမြှင့်ကောက်ခံမှုနှင့်ပတ်သက်၍ ဆိုင်ခန်းရှင်များမှ ကျေနပ်မှုမရှိသဖြင့် ဆန္ဒထုတ်ဖော်မည်ဟု ကောလဟလ သတင်းထွက်ပေါ်နေမှုကြောင့် ဆန္ဒပြထုတ်ဖော်မှု မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချထားကြောင်းလည်း သိရသည်။


