
၁၉. ၃. ၂၀၂၅
Written by Nyein Kyaw
လာမည့် ဧပြီလ ၁ ရက်မှစတင်၍ တရုတ်နိုင်ငံသို့ သစ်သီးများတင်ပို့ရာတွင် ကားများအပေါ် ဝမ်းပုံစနစ်ဖြင့် တင်ပို့ခွင့်မရှိတော့သဖြင့် Packing ထုပ်ပိုးပြီးမှသာ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း မူဆယ်အခြေစိုက် သစ်သီးပွဲရုံများထံမှ သိရသည်။

တရုတ်နိုင်ငံ (တာလော့)အကောက်ခွန်ဌာန၏ ယနေ့ ထုတ်ပြန်ကြေညာချက်အရ ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်မှစ၍ တရုတ်ပြည်တွင်းသို့ တင်သွင်းသော သစ်သီးများကို 1box/Truck (ဝမ်းပုံစနစ်)ဖြင့် တင်သွင်းခွင့်မပြုတော့ကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်အခြေစိုက် ခွာညိုသစ်သီးပွဲရုံမှ အသိပေးထားသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ တရုတ်နိုင်ငံသို့ သစ်သီးများတင်ပို့ရာတွင် လုံးချင်း (သို့မဟုတ်) တစ်စုချင်းထုပ်ပိုးမှု Packing စနစ်ဖြင့်သာ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်းကိုလည်း အသိပေးထားသည်။


“ဟုတ်ပါတယ်။ ဒီစနစ်က ဧပြီ ၁ ရက်စမှာပေါ့။ ကျွန်တော်တို့ သိတာကတော့ အခက်အခဲက ပြောင်းလဲခြင်းမရှိပါဘူး။ အရင်ကတော့ ဒီတိုင်းတင်တာလေ။ ဒါပေမဲ့ ဂျပ်ဖာစက္ကူပုံး ပါကင်နဲ့ လုပ်နေတဲ့သူတွေဆိုရင်တော့ ပိုသိမယ်” ဟု မူဆယ်အခြေစိုက် သစ်သီးဝလံနှင့် အခြားပို့ကုန်/သွင်းကုန် လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းတွင် မူဆယ်သစ်သီးပွဲရုံသို့ ဖရဲသီးတင်ကား အဝင်နည်းနေပြီး သခွားမွှေးတင်ကား အဝင်များနေသည့်အတွက် သခွားမွှေးဈေးနှုန်း ကျဆင်းနေသော်လည်း အရောင်းအဝယ်သွက်ကြောင်းနှင့် ဖရဲသီးဈေးနှုန်းများ ကားတစ်စီးလျှင် ယွမ် ၅၀,၀၀၀ မှ ၆၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။