၁၉ . ၁. ၂၀၂၃
Written By Thandar
လက်ရှိ Lingadipa You Tube Channel ကနေ စာပေ၊ သဘင်၊ ဂီတ၊ ရုပ်ရှင်စတဲ့ အနုပညာဟောပြောဆွေးနွေးမှုအစီအစဉ်တွေကို ပြုလုပ်နေတဲ့ စာရေးဆရာချစ်ဦးညိုက စာပေလောကရှိ စာရေးဆရာတွေ လက်ရှိအချိန်မှာ Platform သစ်တစ်ခုကို တက်ဖို့ကောင်းတယ်လို့ အကြံပြုစကားဆိုပါတယ်။

“Lingadipa You Tube Channel လုပ်ဖို့ ဒီစိတ်ကူးရခဲ့တာက လင်္ကာညိုဆိုတဲ့သားပဲ။ ခုနောက်ပိုင်း နည်းပညာနဲ့ပတ်သက်တာ IT ပတ်သက်တာ ဘာမှနားမလည်ဘူးလေ။ ခုနောက်ပိုင်း ရုပ်သံလိုင်းတွေမှာ အင်တာဗျူးတစ်ခုဖြေတာတောင် ကြည့်ရှုသူ Like, Share အရမ်းများတယ်။ စိတ်ကူးလေး တစ်ခုရလာတယ်။ ဖေဖေဆိုရင် ပြောစရာတွေအများကြီး စာအုပ်တွေကလည်း အများကြီးဆိုတော့ ကောင်းမယ်ဆို တိုင်ပင်ပြီး လုပ်ဖြစ်သွားတာပါ။ လက်ရှိမှာတော့ ကိုယ့်ရေးထားတဲ့ သမိုင်းနောက်ခံဝတ္ထုတွေ တင်ဆက်ဖြစ်နေတယ်၊ မင်္ဂလာ ၁၂ ပါး ဆိုလိုက် ရှင်းလိုက် ခံစားလိုက်နဲ့ သီချင်းရေးသူကိုလည်း Crd ပေးထားပါတယ်။ သမိုင်းနောက်ခံ ပတ်သက်ပြီး ဝတ္ထုဟုတ်တဲ့ ဆောင်းပါးတွေရှိတယ်။ ကိုညိုမင်းလွင်နဲ့လည်း သူကြိုက်စာအုပ်အကြောင်းစကားဝိုင်း လုပ်တယ်”လို့ စာရေးဆရာ ချစ်ဦးညိုက ပြောပါတယ်။

အဆိုပါ Lingadipa You Tube Channel ကနေ ဒီဇင်ဘာ ၁ ရက်နေ့စတင်ပြီးတော့ စာရေးဆရာ ချစ်ဦးညိုရဲ့ အလင်္ကာဒီပ ချစ်သူ၊ ချစ်သောပါဒ ဧကရီ၊ နှင်းကေသရာချစ်တဲ့သူရဲကောင်း၊ သုဝဏ္ဏဘုမ္မိဝေဒနာလေး ရှင်းလင်းတင်ဆက်ခဲ့ပါပြီးပါပြီ။ သီချင်းကိုတော့ နှစ်သက်ခံစားတဲ့ သီချင်းတွေ စာအုပ်သတ်သတ် ထုတ်ထားတာရှိတယ်။ မြို့မငြိမ်းနဲ့ ဂလိုဘယ်လိုက်ဇေးရှင်း တေးသီချင်း ခံစားမူစာ စုတွေဖြစ်တဲ့ နန်းတော်ရှေ့ ဆရာတင် ရေးဖွဲခဲ့တဲ့ မိုးပဇ္ဇုန်၊ ဝိုင်အမ်ဘီဆရာတင်ရဲ့ အုံ့ပုန်းချစ် စတာတွေကို ရှင်းလင်းတင်ပြထားသလို တီးထားတာလည်း ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းက ဆရာချစ်ဦးညိုနဲ့ ဒါရိုက်တာ ညိုမင်းလွင်တို့က (လောကဓံနှင့် လမ်းလျှောက် အတူထွက်ခြင်းစာအုပ်) ဆွေးနွေးတင်ဆက်ထားတာလည်း တွေ့ရပါတယ်။ နောက်ထပ်လည်း အကနဲ့ ပတ်သက်ပြီး သဘင်ပညာရှင် ဦးရွှေဒေါင်းညိုရဲ့ ကဗျာလွတ် မြန်မာ့အကအခြေခံအကြောင်းလဲ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

“ပရိသတ်တွေ ကဗျာတွေ၊ ဝတ္ထုတွေ ခံစားနိုင်ဖို့အတွက် လေးစားမြတ်နိုးဖို့ တင်ဆက်နေတာပါ။ ခုလို လက်ဆင့်ကမ်းပြီး Platform တင်ဆက်ခွင့်ရလို့လည်း သိပ်ကျေနပ်ပါတယ်။ ဒီအချိန် Platform အသစ်ပေါ်ကို အနုပညာရှင်တက်ဖို့ကောင်းတယ်။ အထူးသဖြင့် စာရေးဆရာတွေပေါ့၊ စာဖတ်သူတွေကတော့ ကျသွားတာတော့ မရှိပါဘူး။ နည်းနည်းတော့ အားနည်းနေတယ်။ ဖတ်ကြပါတယ်။ စာပေကို ခုလို Presentation တင်ဆက်တော့ ပရိသတ်ရင်ထဲ ပို‌ရောက်တယ်။ လူငယ်တွေ စိတ်ဝင်စားပြီး ပိုကျယ်ပြန့်သွားပါတယ်။ ဒီ Platform သစ်ဟာ တကယ်လိုအပ်ပါတယ် ”လို့ ဆရာက ဆက်လက်ပြောပါတယ်။

ထို့ပြင် ဘာသာရေး၊ ဗုဒ္ဓယဥ်ကျေးမူ နောက်ခံဝတ္ထု၊ သမိုင်းနောက်ခံဝတ္ထု၊ ကလေးအတွက် ရုက္ခစိုးများနဲ့ အခြားပြိတ္တာများဝတ္ထု အစရှိတဲ့ ဝတ္ထုပေါင်း မြောက်များစွာတို့ကို ဆွေးနွေးဟောပြော တင်ဆက်သွားမယ်လို့ သိရပါတယ်။ ဆက်လက်ပြီးတော့ Channel ကနေပြီး ရေးသူ ဖတ်သူ စာပေချစ်မြတ်နိုးကြတဲ့ စာဖတ်ပရိသတ်တွေ မည်သူမဆို ဆရာချစ်ဦးညိုနဲ့ ဝင်ရောက်ဆွေးနွေးနိုင်မယ့် အခွင့်အရေးများကိုလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *