USDP ပါတီ၏ တတိယအကြိမ် ပါတီညီလာခံအစည်းအဝေး ပထမနေ့မြင်ကွင်းကို တွေ့ရစဥ် Photo- Aung Paing Min

MT News

Written by Tha Doe

ရွေးကောက်ပွဲရှုံးနိမ့်ခြင်း၊ USDP ပါတီဝင်များစွာသတ်ဖြတ်ခံရမှု ကာကွယ်မပေးနိုင်ခြင်းနှင့် ကျန်းမာရေးပြဿနာများကြောင့် USDP ဥက္ကဋ္ဌ ဦးသန်းဌေးအနေဖြင့် ဗဟိုအလုပ်အမှု​ဆောင် (CEC) အဖြစ်ပင် ဆန္ဒမပြုတော့ကြောင်းနှင့် ယနေ့ထွက်ပေါ်သည့် USDP သတင်းများ မှားယွင်းနေကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ် ပါတီညီလာခံအစည်းအဝေး ပထမနေ့ကို နေပြည်တော်ရှိ USDP ရုံးချုပ်တွင် ကျင်းပရာ အဆိုပါ အခမ်းအနားတွင် လက်ရှိဥက္ကဋ္ဌဦးသန်းဌေးအနေဖြင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖြစ်ပင် ပြန်လည်ရွေးချယ်ခံရန် ဆန္ဒမပြုထားကြောင်း ဦးသန်းဌေးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

”ဥပဒေနဲ့အညီ ခိုင်မာစွာရပ်တည်နေတဲ့ ကျွန်တော်တို့ ပါတီကြီးကို ပြိုကွဲကျဆုံးသွားအောင် ဘက်ပေါင်းစုံက နည်းမျိုးစုံထိုးနှက် တိုက်ခိုက်နေတဲ့ အခုလိုအချိန်မျိုးမှာ ကြီးလေးတဲ့ ပါတီတာဝန်များ ထမ်းဆောင်ဖို့ ဆန္ဒမပြုခြင်းအတွက် လုံလောက်တဲ့ အကြောင်းအရင်းတွေ ကျွန်တော့်မှာ ရှိပါတယ်။ နံပါတ်တစ်က ကျွန်တော်ဟာ တိုက်ပွဲကို နိုင်အောင် မတိုက်နိုင်တဲ့ တပ်မှူးဖြစ်ပါတယ်၊၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရည်ညွှန်းပါတယ်ခင်ဗျာ၊ နောက်တပ်မှူးများကို အလှည့်ပေးရပါမယ်။

နံပါတ်နှစ်ကတော့ အကြမ်းဖက် တိုက်ခိုက် ခံရမှုကြောင့် သေဆုံးသွားကြရတဲ့ ကျွန်တော်တို့ပါတီဝင်တွေ ပစ္စည်းဥစ္စာ ဆုံးရှုံးနစ်နာသူတွေကို ပါတီခေါင်းဆောင်အနေနဲ့ လုံလောက် ထိရောက်တဲ့ အကာအကွယ်ကို ကျွန်တော်မပေးနိုင်ခဲ့ပါဘူး၊ ဖြစ်စဉ်များ ဖြစ်ပွားပြီးမှာသာ လုံခြုံတဲ့ နေရာမှာ ခေါ်ဆောင်ထားခြင်း၊ တတ်နိုင်သမျှ ထောက်ပံ့စောင့်ရှောက်ခြင်းများကိုသာ လုပ်ဆောင်ခဲ့တဲ့ နေရာမှာ ငွေကြေးတန်ဖိုးအားဖြင့် သိန်းကိုးထောင်နီးပါး သုံးစွဲခဲ့ရပြီးဖြစ်ပါတယ်။ အကြမ်းဖက် လုပ်ကြံခြင်း ခံရတဲ့ပါတီဝင်များအတွက် အမှတ်တရ အထိမ်းအမှတ်ကျောက်တိုင်နဲ့ တစ်ဦးချင်း အချက်အလက်များကို ကျောက်ထက် အက္ခရာတင်နိုင်ခဲ့ပါတယ်၊ ကမ္ဘာ့ကုလသမဂ္ဂနဲ့ ဒေသတွင်း အဖွဲ့အစည်းများထိအောင်လည်း အချက်အလက် အထောက်အထားများ ပေးပို့ခဲ့ပါတယ်။ ကျွန်တော်တို့ပါတီဝင်တွေ ဝန်းရံသူတွေ ပြည်သူတွေကို ဒီထက်ပိုပြီး လုံခြုံမှုပေးနိုင်မယ့် ပါတီခေါင်းဆောင်သစ်ကို ပါတီဝင်များ ကိုယ်စား ကျွန်တော်ကိုယ်တိုင် မျှော်လင့်နေတာပါ ခင်ဗျာ။ ​

နံပါတ်သုံးကတော့ ကျွန်တော့်ရဲ့ ကျန်းမာရေးပါ။ ၇ နှစ်လောက် ကြာ ခံစားနေရတဲ့ခါးကြောညပ်ဝေဒနာကို ဇူလိုင်လအတွင်းက ခွဲစိတ် ကုသခဲ့ပါတယ်၊ ရာနှုန်းပြည့်ကုသမှု အောင်မြင်ပါတယ်။ သို့သော် ခွဲစိတ်ပြီး ၆ လ အတွင်း လိုက်နာရတဲ့ ကိစ္စတွေက တော်တော်များပါတယ်၊ အင်တိုက် အားတိုက် အလုပ်လုပ်ရမယ့် အချိန်ဖြစ်လို့ ကြီးလေးတဲ့ တာဝန်ကြီးများကို စွန့်လွှတ်ရမယ်လို့ ခံယူထားတာပါ” ဟု USDP ဥက္ကဋ္ဌနေရာမှ ထွက်ခွာမည့် ဦးသန်းဌေးက ပြောသည်။

USDP ၏ ဥက္ကဋ္ဌတာဝန်အား လက်ရှိတွင် ဦးခင်ရီက ယာယီတာဝန်ယူထားပြီး ယခုညီလာခံတွင် အတည်ပြုနိုင်ဖွယ်ရှိသည်။ သို့သော် ညီလာခံပထမနေ့ မည်သည့်ရွေးချယ်မှုမျှ မပြုလုပ်ရမီပင်လျှင် USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးမျိုးဇော်သိန်း၊ ဦးလှထွန်း၊ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးစိုးနိုင်၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူးအဖြစ် ဦးအောင်စိုးနှင့် စီးပွားရေးရာဌာနကြီးမှူးအဖြစ် ဦးမျိုးမြင့်တို့ကို တာဝန်ပေးအပ်လိုက်သည်ဟု သတင်းများ ပျံ့နှံ့ခဲ့ပြီး အဆိုပါ သတင်းထွက်မှုများမှာ အတုများသာဖြစ်ပြီး ယနေ့တွင် ရွေးချယ်မှုများ မပြုလုပ်သေးကြောင်း USDP တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *