
၁၂.၃.၂၀၂၅
Written by Hey Mar
လင်မယားနှစ်ယောက် စကားများရန်ဖြစ်ရာက ယောကျ်ားဖြစ်သူက ဓားနဲ့ထိုးကာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ဖြစ်စဉ် မနေ့က မတ်လ ၁၁ ရက်နေ့ သန်းခေါင်ယံအချိန်က ပဲခူးမြို့၊ စိန်ထွန်းရပ်ကွက်၊ လက်ဝဲသုန္နရလမ်းရှိ နေအိမ် တစ်အိမ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၁ နှစ်ဝန်းကျင်ဖြစ်ပြီး သားငယ်နှစ်ဦးရဲ့ မိခင်လည်း ဖြစ်ပါတယ်။ ပဲခူးမှာ ရေခဲမုန့် ဖာလူဒါဆိုင် ဖွင့်လှစ်ရောင်းချသူလို့ သိရပါတယ်။

ပဲခူးဒေသခံ လူမှုကူညီရေးအသင်းက “ဒီနေ့ပဲသင်္ဂြိုဟ်ပြီးတယ်။ ညက လင်မယားရန်ဖြစ်ရင်း ဓားနဲ့ထိုးသွားတာ။ ပဲခူးဆေးရုံပေါ် ကုသနေရင်း မနက်အစောပိုင်းက ဆုံးတယ်။ သူ့ယောက်ျားကထွက်ပြေးနေတယ်။ မမိသေးဘူး” လို့ MT News ကို ပြောပါတယ်။
သေဆုံးသူနဲ့ နီးစပ်သူ အသိုင်းအဝိုင်းက မိတ်ဆွေတစ်ဦးကလည်း “သူ့ အသုဘ ပို့ပြီး ပြန်လာတာပါ။ လင်မယားချင်း မူးပြီးစကားများကြတာလို့ သိရတယ်။ ဓားနဲ့ထိုးတယ်ဆိုလား။ ဓားကတော့ ပေါင်ကိုထိုးတာလို့ သိရတယ်။ ဒါပေမယ့် ကောင်မလေးက ပစ်လဲပြီးတော့ ခေါင်းနဲ့ ဘာနဲ့ရိုက်လဲတော့မသိဘူး။ ခေါင်းကဒဏ်ရာကြောင့်သေတယ်လည်း ပြောကြတယ်။ သွေးထွက်လွန်ပြီးသေတယ်လည်း ပြောကြတယ်”လို့ ဆိုပါတယ်။

သေဆုံးသူတို့ လင်မယားမှာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ကွာရှင်းထားပြီးမှ ပြန်လည်ပေါင်းသင်းနေထိုင်ကြတာလည်းဖြစ်တယ်လို့ သိရပါတယ်။
“လင်မယားနှစ်ယောက်က တော်တော်လေးချစ်ကြတယ်။ ခဏခဏ စနောက်နေကြတာ။ ဒါကြောင့် ဖြစ်တဲ့အချိန် စနေတာဆိုပြီး မသိချင်ယောင်ဆောင်ကြတာလို့ ပြောသံကြားမိတယ်။ လူတွေကတော့ အမျိုးမျိုးပြောကြတာပေါ့”လို့ သေဆုံးသူနဲ့ နီးစပ်သူ အသိုင်းအဝိုင်းက မိတ်ဆွေတစ်ဦးက MT News ကို ဆက်လက်ပြောပြပါတယ် ။
သေဆုံးသူကို ဒီနေ့ မနက် ဆယ်နာရီက ဆင်ဖြူကွင်းသုဿာန်မှာ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကာ ကွယ်လွန်ချိန်မှာ သုံးနှစ်အရွယ် သားငယ်နဲ့ Grade-4 တက်မယ့် သားငယ်နှစ်ဦး ကျန်ရစ်တယ်လို့ သိရပါတယ်။