
၇.၃. ၂၀၂၅
Written by Nay Moe
NUG ဩဇာခံ PDF ထိန်းချုပ်နယ်မြေမှာ ဘုရားကို ခေါင်းဖြတ်၊ ရဟန်းတစ်ပါးနဲ့ ဒါယကာ အသတ်ခံရမှုတွေမှာ တရားခံမပေါ်တာကြောင့် ဖော်ထုတ်ပေးဖို့အတွက် ရှမ်းအဖွဲ့အစည်းတွေဖြစ်တဲ့ Tai Students Union, SL & CC Universities of Yangon, Tai Youth Organization, Tai National Community-Thailand, KunHing Organization နဲ့ Tai Youth Network တွေက အိတ်ဖွင့်ပေးစာ ထုတ်ပြန်ပေးပို့လာပါတယ်။
ဖြစ်စဥ်က ဖယ်ခုံမြို့နယ်က NUG လက်အောက်ခံ PDF တွေဖြစ်တဲ့ ၁၀၀၆ တပ်ရင်း၊ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တပ်ရင်း (၂) ထိန်းချုပ်ရာနယ်မြေမှာ ၂၀၂၅ ခုနှစ် ၊ မတ်လ ၄ ရက်နေ့က ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်း၊ နားဟီးကျေးရွာအုပ်စု၊ အုန်တိုင်းကျေးရွာရှမ်းဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဘွဲ့တော် ဦးဓမ္မသာရ သက်တော် (၄၇)နှစ် ၊ ဝါတော် (၂၈)ဝါနဲ့ ဒါယကာဖြစ်သူ ဦးအိုက်ပီး အသက် ၄ဝ ဝန်းကျင် တို့ကို လက်နက်ကိုင် လူတစ်စုက ဝင်ရောက်ပြီး ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခဲ့တာပါ။
အဆိုပါ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ကျောင်းထိုင် ဆရာတော် ဦးဓမ္မသာရဟာ စိတ်သဘောထား ရိုးသားဖြူစင် ကောင်းမွန်တဲ့အပြင် စစ်ဘေးရှောင် ဒုက္ခသည် ပြည်သူလူထု အတွက်လည်း ရှေ့ဆုံးက အားကြိုးမာန်တက် ကူညီဆောင်ရွက်ပေးနေသူဖြစ်လို့ ဒေသခံ ပြည်သူလူထု အတွက်လည်း များစွာ အားကိုးနေရတဲ့ ဆရာတော် တစ်ပါး ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာတော်ဟာ ရှမ်းလူငယ်တွေကို သျှမ်းစာပေနဲ့ ယဉ်ကျေးမှု ၊ ရိုးရာဓလေ့တွေ လေ့လာနိုင်ဖို့ ကူညီသင်ကြားပေးသူလည်း ဖြစ်ပါတယ်။
ဆရာတော် ဦးဓမ္မသာရကို လက်နက်ကိုင် အကြမ်းဖက် လူတစ်စုက လာရောက် သတ်ဖြတ်ခဲ့ရာမှာ ဆရာတော်ဟာ သေနတ်ဒဏ်ရာ (၈) ချက်၊ ဒါယကာဖြစ်သူ ဦးအိုက်ပီးမှာ ဒဏ်ရာ ( ၂ )ချက် ရရှိကာ အဆိုပါ နေရာတင် သေဆုံးခဲ့ရပါတယ်။ ဆရာတော် ဦးဓမ္မသရနဲ့ ဒါယကာ ဖြစ်သူ ဦးအိုက်ပီးတို့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရမှု အပေါ် လွန်စွာ ကြီးမားတဲ့ ဆုံးရှုံး နစ်နာမှု အဖြစ် သတ်မှတ်ထားပြီး ဒေသခံ စစ်ဘေးရှောင်ပြည်သူများစွာနဲ့တကွ သျှမ်းပြည်သူလူထု တစ်ရပ်လုံးနဲ့အတူ ရှမ်းလူငယ်ထု၊ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ ထပ်တူထပ်မျှ များစွာဝမ်းနည်း ကြေကွဲရတယ်လို့လည်း အိတ်ဖွင့်ပေးစာက ဖော်ပြထားပါတယ်။
အဆိုပါ ဆရာတော် ဦးဓမ္မသာရနဲ့ ဦးအိုက်ပီး တို့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ ဖယ်ခုံမြို့၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဒေသာ PDF အဖွဲ့အစည်းတွေက ပြည်သူလူထုကို စိုးမိုး အုပ်ချုပ်ပြီး လက်နက်ကိုင် လုံခြုံရေးယူ ထိန်းချုပ်ထားသည့် နယ်မြေ ဖြစ်ပါတယ်။ ဒါကြောင့် PDF တွေ စိုးမိုး နယ်မြေ အတွင်း လက်နက်ကိုင်ထားတဲ့ လူတစ်စုက မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ လက်နက်မဲ့ ဆရာတော်နဲ့ ဒါယကာ ဖြစ်သူတို့ကို ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခဲ့ကြတဲ့အပေါ် ဒေသခံစစ်ဘေးရှောင် ပြည်သူတွေ၊ ရှမ်းပြည်သူ တစ်ရပ်လုံးနဲ့ တစ်သားတည်းရပ်တည်ပြီး ရှမ်းလူငယ်ထု၊ အရပ်ဘက်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလကလည်း ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဆုထူးပန်စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော် ၁၆ ဆူက ရုပ်ပွားတော် ၉ ဆူကို ရည်ရွယ်ချက်ရှိရှိ ခေါင်းဖြတ်ခဲ့ပြီး ကျန်ရှိတဲ့ ရုပ်ပွားတော်များစွာကိုလည်း ဖျက်ဆီးခဲ့ကြတဲ့ ဖြစ်စဉ်ကလည်း PDF လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဖြစ်ပွားခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ မိုးဗြဲ PDF က တရားခံကို ဒေသခံတွေနဲ့အတူ ပူးပေါင်း ဖော်ထုတ်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပေမယ့်လည်း ဒီနေ့ချိန်အထိ အဆိုပါ ဖြစ်စဉ်က တရားခံကို လုံးဝ ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း မရှိ၊ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခြင်းများ မရှိခဲ့တာကိုလည်း မျက်မြင် တွေ့မြင်ရတယ်လို့ အိတ်ဖွင့်စာက ဆိုပါတယ်။
ဒီအခြေအနေတွေမှာ ဆရာတော် ဦးဓမ္မသာရနဲ့ ဦးအိုက်ပီး တို့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ဘာသာရေး ပဋိပက္ခတွေ၊ လူမျိုးရေး ပဋိပက္ခတွေ ဆက်လက် ဖြစ်မလာစေဖို့ ဖယ်ခုံမြို့နယ် လအိကျေးရွာ ဆုထူးပန်စေတီတော်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတိုင်း ပြစ်မှုကျူးလွန်သူ တရားခံတွေကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်းမရှိဘဲ လက်ရှိအချိန်ထိ လွတ်မြောက်နေမှုတွေ ဖြစ်မနေစေဖို့အတွက် ဒေသ ကာကွယ်ရေး တပ်ဖွဲ့ ၊ တော်လှန်ရေး အဖွဲ့အစည်းများအားလုံးက
၁ ။ ဆရာတော် ဦးဓမ္မသာရ နှင့် ဒကာဖြစ်သူ ဦးအိုက်ပီး တို့အား ရက်စက်စွာ သတ်ဖြတ်ရန် ခိုင်းစေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများ အပါအဝင် အကြမ်းဖက်ဆောင်ရွက်ခဲ့သူများ အားလုံးကို စုံစမ်းစစ်ဆေး၍ ပြည်သူလူထု တစ်ရပ်လုံး ထံသို့ ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ကြေညာရန် ။
၂ ။ အဆိုပါ ဆရာတော် ဦးဓမ္မသာရနှင့် ဒကာ ဖြစ်သူ ဦးအိုက်ပီး တို့အား ဝိုင်းဝန်း သတ်ဖြတ်ရာတွင် ပါဝင်ခဲ့ကြသော ပြစ်မူကျူးလွန်သူ ရာဇဝတ်သားများအား ဖမ်းဆီး အရေးယူ၍ ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်သွားရန် ။ လို့ အိတ်ဖွင့်ပေးစာက တောင်းဆိုထားပါတယ်။
ဆရာတော်ဦးဓမ္မသာရ (ဦးဇင်းပိန်) နဲ့ ဦးအိုက်ပီးတို့ကို သတ်ဖြတ်တဲ့ တရားခံတွေလို့ ပြောဆိုခံနေရတဲ့ NUG ဩဇာခံ ၁၀၀၆ တပ်ရင်း၊ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တပ်ရင်း (၂) က အဆိုပါ သတ်ဖြတ်မှုကို လက်နက်ကိုင်လူတစ်စုက ကျူးလွန်ပြီး ၁၀၀၆ တပ်ရင်းက မသတ်ကြောင်း သစ္စာပြုကျိန်ဆိုချက်ကို ထုတ်ပြန်ထားပေမဲ့ ဒေသခံတွေကတော့ မယုံကြည်ကြပါဘူး။
