ပုံစာ။ NLD ပါတီထောက်ခံသူ တင်မောင်ဇော်၏ ဓာတ်ဆီဖြင့်ပက် မီးရှို့မှုကြောင့် ဒဏ်ရာရသူသုံးဦး၏ ဖြစ်စဥ်မြင်ကွင်း။
◾ ဖြစ်စဉ်အတွင်း ဒဏ်ရာရသူများထဲမှ အမျိုးသမီး ရုံးအကူ ကျန်းမာရေးကောင်း၍ ဆေးရုံကဆင်း
၃.၃.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် NLD ထောက်ခံသည့်အမျိုးသားက ဓာတ်ဆီဖြင့်ပက်၍မီးရှို့ခဲ့သောကြောင့် ရရှိသည့် ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေရသော ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်မှ အမျိုးသမီးဆယ်အိမ်မှူး ထပ်မံကွယ်လွန်သွားကြောင်း သိရသည်။

“မနေ့က မတ်လ ၂ ရက် နေ့ကပေါ့။ ဆေးရုံမှာပဲ ဆုံးသွားပါတယ်။ ရုံးအကူတစ်ယောက်ကတော့ ဆေးရုံက ဆင်းပါပြီ။ အခင်းဖြစ်တဲ့နေ့က ဒဏ်ရာရတဲ့အထဲမှာ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးက ဒဏ်ရာများတယ်”ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက် နေ့လယ်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်၊ အမှတ် (၄၂၉) တိုက်ရှေ့စားပွဲခုံတွင် အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းကို ရပ်ကွက်အလိုက် ပြန်လည်စိစစ်ဆောင်ရွက်နေစဉ် NLD ပါတီ ထောက်ခံသူက ဓာတ်ဆီဖြင့်ပက်၍ မီးရှို့မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။


ထိုသို့ ဓာတ်ဆီဖြင့်ပက်၍မီးရှို့ခဲ့စဉ် အမျိုးသား ရာအိမ်မှူး၏ ဦးခေါင်း၊ ကိုယ်ခန္ဓာတို့တွင် လည်းကောင်း၊ အမျိုးသမီး ဆယ်အိမ်မှူး၏ ခန္ဓာကိုယ်တစ်ခြမ်းနှင့် အမျိုးသမီး ရုံးအကူ၏ ပေါင်နှင့်ခြေသလုံးတို့တွင် မီးလောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ကြရကြောင်း သိရသည်။
ဆေးကုသနေစဉ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က အသက်(၅၀) ကျော်အရွယ် ကြည်စုရပ်ကွက်ရာအိမ်မှူး ဦးအောင်မိုး ကွယ်လွန်အနိစ္စရောက်ခဲ့ကာ အသက် (၅၀) ခန့်အရွယ် ဆယ်အိမ်မှူး ဒေါ်နှင်းသီတာမှာလည်း ယမန်နေ့ မတ်လ ၂ ရက်က ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဓာတ်ဆီဖြင့်ပက်၍ မီးရှို့သွားသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်၊ အိမ်အမှတ် (၄၃၀) နေ ဦးတင်မောင်ဇော် (ခ)ဖိုးဇော်(ဘ)ဦးမြသန်းကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ အဆိုပါ ကျူးလွန်သူနေထိုင်ခဲ့သည့် အခန်းကို သက်ဆိုင်ရာက ချိပ်ပိတ်ထားကြောင်း သိရသည်။
ပုံစာ။ NLD ပါတီထောက်ခံသူ တင်မောင်ဇော်၏ ဓာတ်ဆီဖြင့်ပက် မီးရှို့မှုကြောင့် ဒဏ်ရာရသူသုံးဦး၏ ဖြစ်စဥ်မြင်ကွင်း။
