
MT News
၂၇. ၂. ၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာ အောင်ချမ်းသာကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်အား PDF များက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း၊ ကူညီထောက်ပံ့ခြင်းမရှိသဖြင့် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဆရာတော်မှာ ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး အဆိုပါကျောင်းအနီးရှိ ကုန်စုံဆိုင်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီချိန်ခန့်တွင် ဆားကျင်းကျေးရွာရှိ အောင်ချမ်းသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယ သက်တော် ၈၅ နှစ်(ဝါတော် ၄၅) သည် ကျောင်းအတွင်း တစ်ပါးတည်းရှိနေစဉ် PDF များ ရောက်ရှိလာပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း၊ ကူညီထောက်ပံ့ခြင်းမရှိသဖြင့် လက်နက်ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဆရာတော်သည် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့သည်။


ထို့အပြင် အကြမ်းဖက်သမားများသည် အဆိုပါကျောင်းတိုက်အနီးရှိ ကုန်စုံဆိုင်အား ၎င်းတို့၏လုပ်ရပ်များအပေါ် တိုင်ကြားမှုမပြုလုပ်နိုင်ရန် မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ၏ အနောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
နွေဦးတော်လှန်ရေးစတင်သည့် အချိန်မှစ၍ NUG နှင့် PDF များကို ထောက်ခံခြင်းမရှိသည့် ရဟန်း၊ သံဃာများမှာ အပါး ၁၀၀ ခန့် သတ်ဖြတ်ခံထားရပြီး ထိုသို့သော သတ်ဖြတ်မှုများကို NUG က တားဆီးအရေးယူခြင်းလည်းမရှိချေ။
