
၂၆. ၂. ၂၀၂၅
Writeen by Nay Moe
ရွှေအများအပြားထွက်ရာ ကချင်ပြည်နယ်၊ ဆော်လော့မြို့က လန်ဆယ်ဒေသကို KIA သိမ်းယူပြီးနောက်မှာ ရွှေလုပ်ကွက်ပိတ်သိမ်းခဲ့ပေမဲ့ “ဝ”ကုမ္ပဏီနှစ်ခုကို တူးဖော်ခွင့်ချပေးတယ်လို့ သတင်းထွက်ပေါ်လာသလို လုပ်ငန်းရှင်တွေကို ဧကထောင်ချီ လုပ်ကိုင်ခွင့်ချပေးတယ်လို့ သတင်းများစွာထွက်အပြီးမှာ စားဝတ်နေရေးခက်ခဲနေတဲ့ ဒေသခံတွေကို ငဲ့ညှာဖို့ သဘောထားထုတ်ပြန်လာပါတယ်။
KIA က ရွှေလုပ်ကွက်ပိတ်မှုအပေါ် ကချင် ပြည်နယ်၊ လန်ဆယ် ကျေးရွာဒေသက ပြည်သူ လူထုကြုံတွေ့နေရတဲ့ အခက်အခဲတွေအပေါ် ပူတာအို၊ လူငယ်များအဖွဲ့က လန်ဆယ်ကျေးရွာ ဒေသရှိ ပြည်သူများ နေ့စဉ် စားဝတ်၊ နေရေး အတွက် အလွန်အင်မတန်မှ စိတ်ပူပန်ရလို့ KIO /KIA အနေနဲ့ ပြည်သူအပေါ် သနားကြင်နာ ၊ မေတ္တာ ရှေ့ထားပြီး ဖေးမ ကူညီစေလိုကြောင်း KIO /KIA အနေနဲ့ ပြည်သူအပေါ် ကြမ်းတမ်းစွာ ရိုက်နှက်၊ ဆဲဆို၊ ကြိမ်းမောင်းခြင်းများ မပြုလုပ်စေလိုကြောင်း ဖေဖော်ဝါရီ ၂၄ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် Kagabuland Network ကလည်း ဒီနေ့မှာ KIO / KIA အနေနဲ့ လန်ဆယ်ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လန်ဆယ်ရွှေမှော်ကို ယာယီပိတ်သိမ်းပြီး ဖြစ်ပေမဲ့ ဒေသခံတွေ ပိုင်ဆိုင်တဲ့နယ်မြေများစွာ အပါအဝင် လန်ဆယ် ဒေသမှာ ရွှေလုပ်ကွက် အမြောက်အမြား ချမှတ်ဖို့ စီစဉ်နေတာ ကြားသိရလို့ ဒေသခံပြည်သူတွေက မိမိ ဘိုးဘွားပိုင်ရေမြေမှာ တပိုင်တနိုင် လုပ်စားခြင်းနဲ့သာ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသူတွေ ဖြစ်လို့ အခုလို ပြည်သူတွေ စိုးရိမ် ထိတ်လန့်ပူပန်မှုကြောင့် အလွန်ခက်ခဲနေတာကို KIO/KIA အနေနဲ့ ကချင်မျိုးနွယ်စုရဲ့ စည်းလုံးရေးကိုရှေးရှုကာ ဒေသခံတွေရဲ့ သဘောထားကို အထူးအလေးပေးဖို့ လိုအပ်တယ်လို့ သဘောထားထုတ်ပြန်ခဲ့ပါတယ်။

