

၂၂.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတဒေါ်နယ်ထရန် အစိုးရက တစ်ကြိမ်မှကြုံဖူးခဲ့ခြင်းမရှိလို့ ဆိုရအောင်ဘဲ အမေရိကန် စစ်တပ်မှ ထိပ်တန်းအရာရှိတွေကို ဖေဖော်ဝါရီလ ၂၁ ရက်မှာ ရာထူးမှ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။
သမ္မတထရန့် က ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ လေတပ်ဗိုလ်ချုပ်ကြီး ချားလ်စ် ကျူ ဘရောင်း ဂျူနီယာ ကို ရာထူးမှထုတ်ပယ်တယ်လို့ အိမ်ဖြူတော်ရဲ့ကြေညာချက်ကို ဖေဖော်ဝါရီလ ၂၁ ရက်ညက ထုတ်ပြန်ခဲ့တာပါ။
ဒီကြေညာချက်က ကာကွယ်ရေးဝန်ကြီးရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်မှ ထိပ်တန်းအရာရှိ ငါးဦးကိုထုတ်ပယ်မှုအပြီး ထပ်မံထွက်ပေါ်လာခဲ့တာပါ။ ဒါကြောင့်လည်း လွှတ်တော်အမတ်တွေလည်း အပါအဝင် ပင်တဂွန်ရဲ့ ထိပ်တန်းအဆင့် အရာရှိတွေကြားမှာတော့ သတိပေးနှိုးဆော်မှုတွေဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်ညက ထုတ်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်တစ်ခုမှာတော့ ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက် က ရေတပ်စစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး လီဆာ ဖရန်ချက်တီနဲ့ လေတပ် ဒု-ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဆလိုက်ဖ် တို့အပြင် ကြည်းရေလေ တို့မှ ထိပ်တန်းစစ်ဘက်ရှေ့နေတွေကိုလည်း ထုတ်ပယ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ပင်တဂွန်ရှိ အရပ်ဘက်ဝန်ထမ်းအင်အားကို ဖြတ်တောက်ဖို့နဲ့ ဘတ်ဂျက်အပြောင်းအရွှေ့များကိုပါ ရင်ဆိုင်နေရတဲ့ ပင်တဂွန်မှာ ခုလို စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေ ဖယ်ရှားခဲ့ရတာကြောင့် ဝရုန်းသုန်းကားအခြေအနေက ပိုလို့ဆိုးဝါး မတည်မငြိမ် ဖြစ်စေတယ်လို့ဆိုပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနအတွင်း အရပ်ဘက်ဝန်ထမ်း ၅၅,၀၀၀ ခန့်ကို လျှော့ချမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် နောက်အပတ်အတွင်း အစမ်းခန့် ဝန်ထမ်း ၅,၄၀၀ နီးပါးကို အလုပ်မှရပ်ဆိုင်းဦးမှာပါ။
Truth Socialလူမှုကွန်ရက်မှာဖော်ပြချက်အရ သမ္မတဒေါ်နယ်ထရန့်က ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌကို ရာထူးမှထုတ်ပယ်ခဲ့မှုနဲ့ပတ်သက်လို့ အကြောင်းရင်းကိုမပြောကြားခဲ့ဘူးလို့ ဆိုပါတယ်။ လေတပ် ဗိုလ်ချုပ်ကြီး ချားလ်စ် ကျူ ဘရောင်းက သမ္မတရဲ့ထိပ်တန်းစစ်ဘက်အကြံပေးပုဂ္ဂိုလ်ဖြစ်သလို ထရန့်က ခုလိုအငြိမ်းစားကြယ်သုံးပွင့်ဗိုလ်ချုပ်ကြီးတစ်ယောက်နဲ့ အစားထိုးခဲ့ရမှု အကြောင်းကိုလည်း ရှင်းမပြခဲ့ပါဘူး။
ဘရောင်းက အမေရိကန်လေတပ်ရဲ့ လေယာဉ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့ပြင် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌတာဝန်ကို ဒုတိယမြောက်ထမ်းဆောင်နိုင်ခဲ့တဲ့ အာဖရိကအနွယ် အမေရိကန်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီမတိုင်ခင် ဘရောင်းက လေတပ်ဦးစီးချုပ်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သေးတာမှာ အဲဒီ နေရာကို ပထမဆုံးတာဝန်ထမ်းဆောင်တဲ့ အာဖရိကအနွယ် အမေရိကန်တစ်ဦး ဖြစ်ပါတယ်။
ရေတပ်စစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး လီဆာ ဖရန်ချက်တီ ကလည်း ရေတပ်ကိုဦးဆောင်နိုင်တဲ့ ပထမဆုံးအမျိုးသမီးအရာရှိဖြစ်ပြီး ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ မှာပါဝင်နိုင်တဲ့ ပထမဆုံးအမျိုးသမီးစစ်ဘက်အရာရှိလည်းဖြစ်ပါတယ်။ ဒီမတိုင်ခင်ကပဲ ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက်က ဘရောင်း နဲ့ ဖရန်ချက်တီတို့ကို ဖယ်ရှားဖို့ တောင်းဆိုခဲ့ပါသေးတယ်။
သမ္မတ ထရန့်က ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ တာဝန်ကို အငြိမ်းစားကြယ်သုံးပွင့် ဒုတိယဗိုလ်ချုပ်ကြီး ဒန်ကိန်း ကို ကို အဆိုပြုသွားမယ်လို့ ပြောခဲ့ပါတယ်။
Ref- Yahoo
