MT News
၁၉. ၂. ၂၀၂၅
ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းများအနေဖြင့် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် ရလာမည်ဖြစ်သော်လည်း သတ်မှတ်တားမြစ်ချက်များမလိုက်နာပါက အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်နှင့် အများဆုံးငွေဒဏ် ကျပ်သိန်း ၃၀၀၀ အထိ ပြစ်ဒဏ်ချနိုင်မည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ပြဌာန်းလိုက်ပြီဖြစ်သည်။





ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို အခန်း (၁၃) ခန်း၊ ပုဒ်မ ၅၅ ခုဖြင့် ပြဌာန်းထားပြီး ပုဒ်မ ၄ (က) အရ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီကို ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုဖြင့် ဖွဲ့စည်းပြီးနောက် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းလိုင်စင်ရရှိသူက လက်နက်ကိုင်ဆောင်ရန် တင်ပြလာပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြ၍ သဘောထား ရယူခြင်းအပါအဝင် တာဝန်နှင့် လုပ်ပိုင်ခွင့် ၁၆ ခုကို ထမ်းဆောင်ရမည်ဖြစ်သည်။
ထို့အတူ လိုင်စင်ရရှိသူသည် နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရာတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရမည်ဟု ပုဒ်မ ၁၇ တွင် ဖော်ပြထားပြီး လိုအပ်ချက်အရ လက်နက်ခဲယမ်း ကိုင်ဆောင်လိုပါက ဗဟိုကော်မတီခွင့်ပြုချက်ဖြင့် လက်နက်ဥပဒေ၊ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဟု ပုဒ်မ ၂၀ တွင် ပြဌာန်းထားသလို ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲအတွက် ၁၀ ဦးထက်ပိုသော လုံခြုံရေးဝန်ထမ်းခန့်ထားလိုပါက သက်ဆိုင်ရာကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဟုလည်း ပုဒ်မ ၂၁ တွင် ဖော်ပြထားသည်။
အလားတူ ဥပဒေပါ တားမြစ်ချက်များဖြစ်သည့် ပုဒ်မ ၃၄ (က) ပါ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်း၊ ပုဒ်မ ၃၅ ပါ ဗဟိုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လုံခြုံရေးအထောက်အကူပြုပစ္စည်းကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားခြင်း၊ ပုဒ်မ ၃၇ ပါ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းနှင့် လိုင်စင်အား ငှားရမ်း၊ ပေါင်နှံ၊ ရောင်းချ၊ လွှဲပြောင်းခြင်း မပြုလုပ်ရန် စသည့် ပုဒ်မများကို ဖောက်ဖျက်ပါက လူပုဂ္ဂိုလ်ဆိုလျှင် အများဆုံး ၃ နှစ်အထိ ထောက်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်း ၁၀၀ ထိ ဒဏ်ငွေရိုက်ရန်နှင့် ဖောက်ဖျက်ကျူးလွန်သူက ကုမ္ပဏီ၊ အဖွဲ့အစည်းဖြစ်ပါက အများဆုံးကျပ်သိန်း ၃၀၀၀ အထိ ဒဏ်ငွေရိုက်ရန် ပုဒ်မ ၄၂ တွင် ပြဌာန်းထားသည်။
အထက်ပါနည်းတူ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းသည် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်စဥ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် သတင်းတစ်စုံတစ်ရာရရှိမှုကို အနီးဆုံးရဲစခန်းသို့ သတင်းပို့ရန် ပျက်ကွက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် အယောင်ဆောင်ခြင်း စသဖြင့် ပုဒ်မ ၄၀ ပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်သူအား နှစ်နစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပုဒ်မ ၄၆ တွင် ဖော်ပြထားမှု အပါအဝင် အခြား တားမြစ်ကန့်သတ်ချက်အများအပြားကို မဖောက်ဖျက်ရန်နှင့် ဖောက်ဖျက်ပါက ထောင်ချမည့်အပြင် ကျပ်သိန်းထောင်ချီ ဒဏ်ငွေပေးဆောင်ရမည့် ဥပဒေပုဒ်မများလည်း ထည့်သွင်းပြဌာန်းထားသည်ကို တွေ့ရသည်။
