



၁၈.၂.၂၀၂၅
Written by Nyein Kyaw
အကြမ်းဖက်သမားများက တနင်္သာရီမြို့နယ်၊ ပနပ်ငယ်ကျေးရွာအနီး၌ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် စုစုပေါင်း ၉ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှ မြိတ်မြို့သို့ ယာဉ်မောင်း ဦးမျိုး မောင်းနှင်လာပြီး အပြစ်မဲ့ပြည်သူများ စီးနင်းလိုက်ပါလာသည့် Light Truck အမျိုးအစား မော်တော်ယာဉ်အား ပနပ်ငယ်ကျေးရွာအနီးသို့ အရောက်၌ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၉ ဦး မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ လမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာ နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။